March 31, 2008

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ မှတ်သားဖွယ် သမိုင်းဝင် မိန့်ခွန်းများ


(၁၉၉၆ ခုနှစ်ခန့်က အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြည်နယ်တိုင်းစည်း တွေ ပြန်လည်ဖွဲ့စည်းစဉ်ကာလ ပထမ ဆုံး စတင်ဖွဲ့စည်းနိုင်တဲ့ ဧရာဝတီတိုင်းက တိုင်းစည်းတွေကို ပြောကြားခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့သမိုင်းဝင် မိန့်ခွန်းကို ၂၀၀၆ ခုနှစ်၊ ဇွန်လ ၁၉ ရက်မှာ ကျရောက်တဲ့ ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ အထိမ်းအမှတ်အဖြစ် ဖေါ်ပြအပ်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အဖွဲ့ဝင်တွေကို ရည် ရွယ်ပြောဆိုတဲ့ မိန့် ခွန်းဖြစ်ပေမယ့် အဖွဲ့ချုပ်အဖွဲ့ဝင်တွေသာမက မြန်မာနိုင်ငံသားတိုင်း လေ့လာမှတ်သားစရာတွေ ပါဝင်သလို ဒီက နေ့ ခေတ် အခြေအနေအထိကို ကိုက်ညီနေတဲ့ မိန့်ခွန်းလည်းဖြစ်ပြီး စာဖတ်သူရဲ့ ဇာတိမာန်ကို လိပ်ပြာနှိုး ပေး မှာလည်း အသေအချာပဲ ဖြစ်ပါတယ်၊)
___________

ကျမတို့ အဖွဲ့ချုပ်ရဲ့ အခု ဆက်လက်ပြီး သွားမယ့်လမ်းဟာ ကြမ်းတယ်ဆိုတာ ကျမတို့ ထူးထူးထွေထွေ ရှင်းပြ နေစရာမလိုဘူး။ စထွက်ကတည်းက လမ်းက ကြမ်းတယ်၊ ဒီ ကြမ်းတဲ့ လမ်းနဲ့ ကျမတို့ အခုလို လျောက်ခဲ့ တာဟာ ၈ နှစ်တိုင်တိုင်ဖြစ်သွားပြီ၊ ဒီ ၈ နှစ်ကြားမှာ လမ်းဘေးမှာ ကျခဲ့တဲ့ ရဲဘော် ရဲဘက်တွေလည်း မနည်း ဘူး၊ သိက္ခာရှိရှိ ကျခဲ့သူတွေလည်း ရှိတယ်။ သိက္ခာမဲ့စွာနဲ့ ကျခဲ့သူတွေလည်းရှိတယ်။ သိက္ခာရှိရှိနဲ့ ကျခဲ့တယ် ဆိုတာ မိမိတို့ရဲ့ ယုံကြည်ချက်အရ အသက်ကို စတေးသွားတဲ့သူများဟာ သိက္ခာရှိရှိနဲ့ ကျခဲ့တဲ့သူတွေပဲ၊ သိက္ခာ မဲ့စွာ ကျတယ်ဆိုတာ ကိုယ့်ရဲ့ ယုံကြည်ချက်ကို ကိုယ်မရပ်တည်နိုင်တာကြောင့် ကျမတို့ကို စွန့်ခွာသွားတဲ့ သူ တွေပဲ၊ တချို့ကျတော့ မစွန့်ခွာသယောင်ယောင်နဲ့ ကျမတို့အပေါ်မှာ သစ္စာဖောက်ပြီးတော့ ဆက်ပြီးတော့ နေ နေတဲ့သူတွေ ရှိတယ်။ အဲဒီသူတွေကပြောင်ပြောင်တင်းတင်းနဲ့ ဖယ်ခွာသွားတဲ့ သူတွေထက် ပိုပြီးတော့ အောက် တန်းကျတယ်လို့ ကျမတော့ ဒီလိုပဲ သတ်မှတ်တယ်။

ကိုယ့်ရဲ့ ယုံကြည်ချက်အရ ကိုယ် သတ္တိရှိရှိနဲ့ ဆက်ပြီးတော့ လုပ်ချင်တယ်ဆိုရင်၊ အဖွဲ့ချုပ်ရဲ့ မူတွေကို လက်မခံ နိုင်ဘူးဆိုရင် အဖွဲ့ချုပ်ရဲ့ လုပ်ရပ်တွေအရ မလုပ်နိုင်ဘူးဆိုရင် အဖွဲ့ချုပ်ရဲ့ ဂုဏ်ရှိတဲ့ နာမည်ကိုတော့ ဆက်ပြီး တော့ မသုံးပါနဲ့လို့ ကျမ ပြောချင်တယ်။
___________

ဘာမှမလုပ်ပဲနဲ့ ခံရတယ်ဆိုတာတော့ အဓိပ္ပါယ်ကို လုံးလုံးမရှိဘူး၊ ခံရဲတာ သတ္တိဆိုတာ ကိုယ်လုပ်ရင် ကိုယ်ခံ ရဲတယ်ဆိုတာကို ပြတာ၊ ဘာမှ မလုပ်ပဲနဲ့ ခံနေတာကို ပြောတာမဟုတ်ပါဘူး၊ ကျမတို့လည်း တကယ်တော့ လုပ်နေ တာပဲ၊ လုပ်နေတယ်ဆိုတာ အမျိုးမျိုးပေါ့၊ ဟောပြောပွဲ လုပ်တယ်ဆိုတာလည်း လုပ်တာပဲ၊ ဒီလို ဆွေး နွေးပွဲလုပ်တယ်ဆိုတာလည်း လုပ်တာပဲ၊ ဒီတော့ ဒီမှာတင်မကဘူး၊ ဒီခြံထဲမှာတင်မကဘူး၊ ဒီရန်ကုန်မှာ တင်မကဘူး၊ ဒီပုသိမ်မှာတင်မကဘူး၊ ဒီ တိုင်းတတိုင်းမှာ တနိုင်ငံလုံးမှာ တချိန်လုံး လုပ်နေရမယ်၊ လုပ်လို့ခံရ မယ် ဆိုရင်လည်း ခံပေါ့၊ တကယ့် စည်းရုံးရေးအင်အား ဆိုတာဟာ ကိုယ့်ရှေ့က ဘယ်နှစ်ယောက်ပဲ ပါသွား သွား နောက်ကတက်နိုင်မယ့် ရဲဘော်တွေလည်း ရှိရမယ်၊ ဒါ ကျမ ၁၉၈၈ ကတည်းက ပြောခဲ့တာပါ၊ ကျမတို့ စည်းရုံးရေး ထွက်တဲ့အခါကျရင် မြို့နယ်တွေက အဖွဲ့ဝင်အရေအတွက် ဘယ်လောက်ရပြီ၊ ဘယ်နှစ် ယောက်ရပါပြီ၊ ဘယ်နှစ်ထောင်ရပါပြီ၊ ဘယ်နှစ်သောင်း ရပါပြီ၊ ဒီလိုပဲ ပြောတယ်၊ ကျမပြောပါတယ်၊ ဒီ ထောင်နဲ့ သောင်းနဲ့ ပြောနေလို့ အလကားပဲ၊ ထောင်ဂဏန်းပဲရှိရှိ၊ သောင်းဂဏန်းပဲရှိရှိ။ သောင်းဂဏန်းပဲရှိရှိ ဒါတွေဟာ အဓိကကျတာ မဟုတ်ပါဘူး၊ ဒီအဖွဲ့ဝင်တွေထဲမှာ တကယ် ထိထိရောက်ရောက် လုပ်နိုင်တဲ့သူ ဘယ်နှစ်ယောက်ရှိလဲ၊ အရှေ့တန်းကနေ ပါသွားလို့ရှိရင် နောက်တခါ ဒုတိယလိုင်းကနေ လိုက်နိုင်တဲ့သူ ဘယ် နှစ်ယောက်ရှိလဲ၊ ဒါဟာ အဓိကပဲ၊ ကျမတို့ စည်းရုံးရေး လုပ်တဲ့အခါ ကိုယ်က လုပ်တဲ့သတ္တိရှိလွန်းလို့ ခံသွားရ လို့ရှိရင် ကိုယ့်နောက်ကနေလည်း လုပ်မယ့်သူတွေရှိအောင်တော့ စည်းရုံးထားရမယ်၊ နောက်ဆုံးတော့ ကျမ တို့ရဲ့စည်းရုံးရေးဟာ ပြည်သူလူထု စည်းရုံးရေးပဲ၊ ပြည်သူလူထု အများစုကနေပြီးတော့ မားမားမတ်မတ်နဲ့ အဖွဲ့ ချုပ် အနောက်ကနေပြီးတော့ ရပ်တည်နေမယ်ဆိုရင် ကျမတို့လုပ်ငန်းဟာ မုချ အောင်မြင်ရမယ်။

အခု အကျယ်ချုပ်အားဖြင့်တော့ ၄၆ သန်းလုံးပေါ့လေ၊ ၄၆ သန်းလုံး အကျယ်ချုပ် ချုပ်ခံနေရတယ်လို့ ဒီလိုပဲပြောရမှာပဲ၊ ဒါပေမယ့် ထောင်တွေထဲကိုတော့ ၄၆ သန်းမပြောနဲ့ ၁ သန်းတောင်မှ ထည့်နိုင်မှာ မဟုတ်ပါဘူး၊ ထောင်ထဲကိုဝင်ရဲတယ်ဆိုတဲ့ လူ ၁ သန်း၊ ထောင်ချရင်ချ လုပ်မယ်ဆိုတဲ့ လူ ၁ သန်းရှိမယ် ဆိုလို့ရှိရင်တောင် ကျမတို့ရဲ့ လှုပ်ရှားမှုဟာ မကြာခင် အောင်မြင်မှာပါ၊ အဲဒီတော့ လူ ၁ သန်း စည်းရုံးဖို့ဟာ ဒီလောက် ခက်သလား၊ တကယ်တော့ကျမတို့ အဖွဲ့ချုပ်ဝင် စာရင်းထဲမှာ ၁ သန်းထက်မက ရှိခဲ့ပါတယ်၊ ဒီ ၁ သန်း ထက်မက ရှိတဲ့လူစာရင်းထဲမှာ ဘယ်နှစ်ယောက်က ထိထိရောက်ရောက် တကယ်ပဲ အနစ်နာခံပြီးတော့ လုပ် နိုင်တာလည်းဆိုတာ ဒါကို ကျမတို့ မေးခွန်းထုတ်ရမှာဖြစ်ပါတယ်၊ ၁ သန်းတောင် မလိုဘူး၊ ၁ သောင်း ဆိုရင်တောင်မှ မနည်းပါဘူး၊ ကျမတို့ အခု အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေးအကျဉ်းသမားများဟာ ၂၀၀၀ လောက် ရှိမယ်လို့ ခန့်မှန်းရတယ်၊ တချို့ကလည်း ၁ ထောင်ကျော် ရှိမယ်၊ တချို့ကလည်း ၃ ထောင် လောက်ရှိမယ်ဆိုတော့ ပျမ်းမျခြင်းအားဖြင့် ၂ ထောင်လောက် ရှိမယ် ဆိုပါတော့၊ ဒီနိုင်ငံရေး အကျဉ်းသမားများဟာ ၂ ထောင်လောက်ရှိတယ် ဆိုတာတောင်မှ ကျမတို့ရဲ့ လှုပ်ရှားမှုကို တကမ္ဘာလုံးက အသိအမှတ်ပြုလိုက်နိုင်တဲ့ အခြေအနေထိ ကျမတို့ လုပ်နိုင်ခဲ့တယ်၊ နိုင်ငံရေးအကျဉ်းသမားများ ၁ သောင်းလောက် ရှိနိုင်တဲ့အခြေအနေအထိ (ဒါကတော့ ထောင်ထဲမှာ နေရာရှိတာမရှိတာ ပြောတာ မဟုတ်ဘူးနော်) ထောင်ချရင်ချဆိုတဲ့ လူ ၁ သောင်းလောက်ရှိတယ်ဆိုရင်တော့ ဘာမှပြောစရာ မလိုဘူး၊ ကျမ တို့ အောင်မြင်ရမှာ မုချပဲ၊ မြန်မြန်ဖြစ်ရမယ်၊ အနှေးနဲ့ အမြန်တော့ အောင်မြင်မယ်လို့ ကျမတို့ ယုံကြည်တယ်။
___________

အကောင်းဆုံးကို မျော်လင့်ပြီးတော့ အဆိုးဆုံးအတွက် အမြဲ ပြင်ဆင်ထားရမယ်ဆိုတာ ၊ ဒါ ကျမ ခဏခဏ ပြောခဲ့ဖူးတာပဲ၊ နိုင်ငံရေးသမား အားလုံးဟာ ဒီ ဆောင်ပုဒ်လေးကို ကိုယ့်ရဲ့ ကုတင်ခေါင်းရင်းမှာ ချိတ်ထား သင့်တယ်၊ အမြဲတမ်း အကောင်းဆုံးအတွက် မျော်လင့်ပြီး အဆိုးဆုံးအတွက် ပြင်ဆင်ထားရမယ်၊ ဒီလို စိတ်ဓါတ် နဲ့ ကျမတို့လုပ်မှ အောင်မြင်မှုရှိမှာပါ၊

နောက်ပြီးတော့လည်း ဒီလိုနိုင်ငံရေးအတွက် ကိုယ့်ရဲ့ ဘ၀ကို အနစ်နာခံ စွန့်လွှတ်ရတယ်ဆိုတာ ဒါ အင်မတန် မှ သိက္ခာရှိပါတယ်၊ အင်မတန်မှလည်း ကျေနပ်မှုရှိစရာပါ၊ အားလုံး ပြန်ပြီးတော့ စဉ်းစားကြပါ၊ ဒီဘ၀မှာ ဘာ လိုချင်ကြလဲ၊ မွေးလာတယ်၊ ကြီးလာတယ်၊ နေသွားတယ် အိုသွားတယ်- ဒါပဲလားလို့ ကျမတို့ အများကြီး စဉ်းစားစရာ ဖြစ်တယ်၊ ဒီဘ၀မှာ လူဖြစ်လာပြီဆိုမှဖြင့် ဘာအတွက် လူဖြစ်လာတယ် ဆိုတာ ကျမတို့ စဉ်းစားဖို့ လိုပါ တယ်။
___________

Read this doc on Scribd: Dassk's speech





March 30, 2008

အကယ်ဒမီ မရပေမယ့် … (ဟာသ)


အာဖ်ံကြီး

မြန်မာစာပေနယ်မှာ ရာဇ၀င်နောက်ခံ ၀တ္ထုတွေ ရေးသားပြီး အောင်မြင်ကျော်ကြားတဲ့ စာရေးဆရာကြီးတဦး ရှိတယ်။ အာဖျံကွီးနဲ့လည်း အလွန်အင်မတန်မှ ခင်မင်ရင်းနှီးပါတယ်။ ရင်းနှီးတဲ့အခါကျတော့ အဲဒီစာရေးဆရာကြီးမှာ နအဖဆန့်ကျင်ရေး စိတ်ဓာတ်ရှိတာကို အာဖျံကွီး သတိထားမိတယ်။ အာဖျံကွီးတို့ကို ရက်ရက်စက်စက် ဖိနှိပ်အုပ်ချုပ်နေတဲ့ စစ်အစိုးရကို ဆန့်ကျင်တဲ့ စိတ်ဓာတ် ရှိတယ်ဆိုတာ သိရလို့လည်း အဲဒီစာရေးဆရာကြီးကို ပိုလေးစားမိတယ်။

ဒါပေမယ့် အဲဒီစာရေးဆရာကြီးဟာ တခါတခါမှာ ဘယ်လိုဘယ်လို ဖြစ်တယ်မသိ။ အာဖျံကွီးတို့ရဲ့ ဒီမိုကရေစီ တိုက်ပွဲခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို သတ်ပစ်ရမယ်လို့ ပြောတဲ့ မီးရထားဝန်ကြီး ဦးဝင်းစိန်(အခုတော့ ပြုတ်ရှာလေပြီ) နားမှာ အခစားဝင်နေတာကို တွေ့လိုတွေ့ရ၊ တခါတခါ နအဖက ကျင်းပပြုလုပ်တဲ့ ဆိုကရေးတီးပြိုင်ပွဲတွေမှာ အခုဆိုင်းငံ့ထောင်နန်းစံ မင်းသားလေး ဖြစ်နေရှာတဲ့ ဗိုလ်ခင်ညွန့်အနား ကပ်ထိုင်ပြီး ဒိုင်ချုပ်လုပ်နေတာကို တွေ့လိုတွေ့ရနဲ့ဆိုတော့ အာဖျံကွီးမှာ နားမလည်နိုင်အောင် ဖြစ်ရတယ် … အဟုတ်။ အဲဒီစာရေးဆရာကြီးမှာ နအဖဆန့်ကျင်ရေး စိတ်ဓာတ် ရှိတယ်ဆိုတာ ဟုတ်မှဟုတ်ရဲ့လားဆိုပြီး အာဖျံကွီး တဗွေထဲ ခေါင်းစားနေမိတာပေါ့။ ဒါပေမယ့် လူချင်းတွေ့ပြန်တော့လည်း အန်တီစုမှ အန်တီစု ဖြစ်နေပြန်တော့ ခုနက အတွေးတွေက လေထဲမှာ အငွေ့ပျံကုန်ပြန်ရော။

တခါသားမှာ မီးရထားဝန်ကြီး ဦးဝင်းစိန်က သူထုတ်လုပ်မယ့် ‘သူ့ကျွန်မခံပြီ’ ဆိုတဲ့ နအဖ ၀ါဒဖြန့်ချိရေး ရုပ်ရှင်ဇာတ်ကားကြီးမှာ အဲဒီစာရေးဆရာကြီးကို ဇာတ်ညွှန်းရေးဖို့ တာဝန်ပေးတယ်တဲ့။ စာရေးဆရာကြီး တက္ကသိုလ်ဘုန်းနိုင်ရဲ့ ၀တ္ထုကို ဒါရိုက်တာ ကြည်စိုးထွန်းက ရိုက်မှာပေါ့။ အဲဒါနဲ့ စာရေးဆရာကြီးလည်း တက်ကြွတဲ့ ကြက်ဖလုပ်ပြီး ဇာတ်ညွှန်းကို အကောင်းဆုံးဖြစ်အောင် စီမံဖော်စပ်ပါသတဲ့။ အဆင်သင့်ရင် ဇာတ်ညွှန်း အကယ်ဒမီဆုပါ ရမှာကိုး။ အမျိုးသားစာပေဆုကလည်း ရပြီးသားဆိုတော့ ဇာတ်ညွှန်း အကယ်ဒမီဆုပါရရင် ဘယ်ဆိုးလို့တုန်းပေါ့။ ဇာတ်ညွှန်းကို အကောင်းဆုံး ခြယ်မှုန်းပြီးသကာလ လက်တွေ့ ရိုက်တဲ့အခါမှာလည်း စာရေးဆရာကြီးဟာ ရိုက်ကွင်းဇာတ်ညွှန်း တာဝန်ခံအနေနဲ့ နေ့မအား ညမအား လှုပ်ရှားရပြန်တယ်။ စာရေးဆရာကြီးတယောက် ဒီလောက်တောင် ဖတ်ဖတ်မောထားတာ၊ အကယ်ဒမီဆုတော့ သေချာပြီပေါ့လို့ အသိမိတ်ဆွေတွေက ထင်ထားကြတာပေါ့။ ဒါပေမယ့် ကံဆိုးချင်လို့ပဲလား မသိ၊ အကယ်ဒမီဆု ပေးတဲ့အချိန်မှာ မီးရထားဝန်ကြီး ဦးဝင်းစိန်က ရာထူးက ပြုတ်ရှာပြီဆိုတော့ စာရေးဆရာကြီးလည်း အကယ်ဒမီဆုနဲ့ လွဲသွားခဲ့လေတယ်။

တရက်မှာတော့ စာရေးဆရာကြီးဟာ သူ့အနေနဲ့ အမေလို ခင်တွယ်ရတဲ့ စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ် နာမကျန်းဖြစ်တာကို လူနာအခြေအနေ မေးရင်း အားပေးစကား ပြောဆိုဖို့သွားသတဲ့။ အဲဒီလိုအသွားမှာ အကယ်ဒမီဆုနဲ့ လွဲခဲ့တဲ့ စာရေးဆရာကြီးဟာ ဆရာမကြီး ဒေါ်ခင်မျိုးချစ်ပေးတဲ့ ဘွဲ့တခုကိုတော့ ရခဲ့တဲ့အကြောင်း သူနဲ့အတူ လူနာမေးဖို့ သွားခဲ့တဲ့ စာရေးဆရာက အာဖျံကွီးကို ပြောပြတယ်။ အာဖျံကွီးလည်း ဘာဘွဲ့လဲဆိုတာကို သိချင်တာနဲ့ အဲဒီစာရေးဆရာကို ကပ်မေးတော့တာပေါ့။

အဲဒီမှာ သူပြောပြတဲ့ (ဆရာမကြီး ဒေါ်ခင်မျိုးချစ်ပေးတဲ့) ဘွဲ့အမည်ကို နားထောင်ပြီး အာဖျံကွီး နားလည်ရ ခက်နေတဲ့ စာရေးဆရာကြီးအပေါ် လုံးဝရှင်းရှင်းလင်းလင်း သဘောပေါက်သွားတော့တယ်။ ဆရာမကြီး ဒေါ်ခင်မျိုးချစ်ပေးတဲ့ ဘွဲ့အမည်က ဒီလိုပါတဲ့ … ။

စာရေးဆရာကြီးက လူနာမေးဖို့ ကုတင်နား ကပ်သွားတဲ့အခါ အိမ်သားတွေက ဆရာမကြီးကို ‘အမေကြီး … ဒီမှာ ဘယ်သူလဲလို့’ ပြောသတဲ့။ ဆရာမကြီးက တချက်လှည့်ကြည့်ပြီး ‘သိတာပေါ့ဟဲ့ … သူ့ကျွန် ခံတဲ့အကောင် မဟုတ်လား’လို့ ပြန်ပြောလိုက်တဲ့။ စာရေးဆရာကြီးခမျာ ဆရာမကြီးပေးတဲ့ ဘွဲ့အမည်ကို ရင်ဝယ်ပိုက်ပြီး လူအများရှေ့မှာ ရယ်ဖြဲဖြဲနဲ့ ချော်လဲရောထိုင် လုပ်လိုက်ရသတဲ့လေ …။

အာဖျံကွီး



နာမည်ကျော် မြန်မာရုပ်ရှင်ဒါရိုက်တာအချို့ ထောက်ခံမဲထည့်ရနစည်းရုံးလှုံ့ဆော်မည့် ၀ါဒဖြန့်ချိရေးကားများ ရိုက်ကူးရန် စီစဉ်နေ


မေလတွင် ကျင်းပပြုလုပ်တော့မည့် နအဖလူသတ်အစိုးရ၏ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေမူကြမ်း အတည်ပြု ပြဋ္ဌာန်းနိုင်ရေး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတွင် ထောက်ခံမဲပေးကြဖို့ လှုံ့ဆော်စည်းရုံးသည့် အနေနှင့် မြန်မာ့ရုပ်မြင်သံကြားနှင့် မြ၀တီရုပ်မြင်သံကြားတို့မှ မိနစ်(၄၀)ကြာ ၀ါဒဖြန့်ချိရေး ဇာတ်ကား (၅)ကားကို ထုတ်လွှင့်ပြသနိုင်ရန် စီစဉ်နေကြောင်း သတင်းရရှိသည်။ အဆိုပါ ၀ါဒဖြန့်ချိရေး ဇာတ်ကားများကို နာမည်ကျော် မြန်မာရုပ်ရှင် ဒါရိုက်တာများ ဖြစ်ကြသည့် ဒါရိုက်တာ မောင်တင်ဦး၊ ဒါရိုက်တာ မီးပွား၊ ဒါရိုက်တာ မောင်မောင်ဦး (စနှိုးဝှိုက်)၊ ဒါရိုက်တာ နောင်ထွန်းလွင်-ညီညီထွန်းလွင်နှင့် ဒါရိုက်တာ ခင်မောင်ဦး-စိုးသိမ်းထွဋ်တို့က ရိုက်ကူးရန် စီစဉ်နေကြကြောင်း သတင်းရရှိသည်။

ရွှေဝါရောင်တော်လှန်ရေးတွင် အသက်၊ သွေး၊ ချွေး ပေးဆပ်ခဲ့ကြသည့် ရဟန်းရှင်လူ၊ ပြည်သူလူထုနှင့် ကျောင်းသူ/သားများအပေါ် သစ္စာဖောက်သည့် အဆိုပါ ဒါရိုက်တာများအား ငွေထုတ်ပေးသည့် အလိုတူ အလိုပါ ကုမ္ပဏီများမှာ (၁) အေးအေးဝင်း - လပ်ကီးဆဲဗင်း ရုပ်ရှင်ထုတ်လုပ်ရေး (ဒါရိုက်တာ ခင်မောင်ဦး - စိုးသိမ်းထွဋ်) (၂) စိန်ဋ္ဌေး ရုပ်ရှင်ထုတ်ရေး (ဒါရိုက်တာ နောင်ထွန်းလွင် - ညီညီထွန်းလွင်) (၃) စနှိုးဝှိုက် ရုပ်ရှင်ထုတ်လုပ်ရေး (ဒါရိုက်တာ စနှိုးဝှိုက် - မောင်မောင်ဦး) (၄) ရွှေစင်ဦး ရုပ်ရှင်ထုတ်လုပ်ရေး (ဒါရိုက်တာ မောင်တင်ဦး) နှင့် (၅) Eleven Media Group (ဒါရိုက်တာ မီးပွား) တို့ဖြစ်ကြပြီး ဇာတ်လမ်း၊ ဇာတ်ညွှန်းများကို ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ မြင့်သိန်းဖေ၊ အတွင်းရေးမှူး ဒါရိုက်တာ မလိခ စိုးထိုက်အောင်၊ စာရေးဆရာ ချစ်ဦးညို၊ ဇာတ်ညွှန်း ငြိမ်းမင်းနှင့် နအဖ လက်ကိုင်တုတ် အေးလွင်တို့က တာဝန်ယူ ရေးသားကြမှာ ဖြစ်ကြောင်း သတင်းရရှိသည်။








Type rest of the post here





အိုးဝေ

ပြည့်ခိုင်ဖြိုး ( င်္ကြ့ဖွတ် ) သို့ မဟုတ် စစ်အာဏာရှင်တို့ ၏ဒေါက်တိုင်များ


Read this doc on Scribd: Pyi Khaing Phyo-USDA


ဒီနေရာမှာ DOWNLOAD လုပ်ရန်

March 29, 2008

ဦးမြင့်သိန်းအတွက် ဝမ်းနည်းကြေကွဲခြင်း


ခုမှတော့ ကုလလဲ မကယ်နိုင်တော့ဘူး


တိဘက်အရေး မြန်မာစစ်အစိုးရ တရုတ်ကိုထောက်ခံ


တရုတ်အစိုးရနှင့် တိဘက်ဘုန်းတော်ကြီး များ၏ ပဋိပက္ခနှင့် ပတ်သက်၍ တရုတ်အစိုးရ၏ သဘောထားကို ထောက်ခံကြောင်း ကြေညာချက်တစောင် ကို မြန်မာစစ်အစိုးရက မတ်လ ၂၇ ရက်နေ့ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ထည့်သွင်းဖော်ပြခဲ့ကြောင်းတွေ့ရှိရသည်။

၎င်းကြေညာချက်တွင် မြန်မာအစိုးရနှင့် တရုတ်အစိုးရတို့မှာ ကာလရှည်ကြာကတည်းက ဆွေမျိုးပေါက်ဖော် သဖွယ် ရင်းနှီးလာကြကြောင်းနှင့် တနိုင်ငံ၏ ပြည်တွင်းရေးကို တနိုင်ငံက ဝင်ရောက်စွက်ဖက်ခြင်းမပြုသည့် မူ အပါအဝင် အခြေခံမူငါးရပ်ဖြင့် အတူယှဉ်တွဲ နေထိုင်ကြကြောင်းရေးသားဖော်ပြထားသည်။

ဆက်လက်၍ ၎င်းကြေညာချက်၌ တိဘက်၌ဖြစ်ပွားခဲ့သည့် ဖြစ်ရပ်များသည် “တရုတ်နိုင်ငံ၏ ပြည်တွင်းရေး သက်သက်ကိစ္စရပ်” ဟူ၍သာ မြန်မာနိုင်ငံက သဘောထားရှုမြင်သည်ဟု ရေးသားထားသည်။

“တရုတ်ပြည်သူ့သမ္မတနိုင်ငံ အစိုးရအနေဖြင့် ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများကို ၎င်း၏ဥာဏ်အမြော်အမြင် ကြီးမားမှုဖြင့် အောင်မြင်ကျော်လွှားနိုင်ပြီး ပြည်တွင်းငြိမ်းချမ်းမှုနှင့် တည်ငြိမ်မှုကို ထိန်းသိမ်းနိုင်လိမ့်မည်ဟု မြန်မာနိုင်ငံက အပြည့်အဝယုံကြည်သည်” ဟု ဆက်လက်ရေးသားထား၏။

ထို့ပြင် မြန်မာအစိုးရအနေနှင့် တိဘက်ဖြစ်ရပ်များကို ပေကျင်းအိုလံပစ်ပွဲတော်နှင့် စပ်ဆက်ရန် ကြိုးပမ်းမှု မှန်သမျှကို ဆန့်ကျင်သည်ဟု ဆိုထားသည်။

မတ်လဆန်းက တိဘက်ဒေသ လာဆာမြို့တွင် တရုတ်အစိုးရအုပ်ချုပ်ရေးကို ဆန့်ကျင်ရေး လှုပ်ရှားမှုများအား တိဗတ်ဘုန်းတော်ကြီးများက ဦးဆောင်ပြုလုပ်ခဲ့ရာ တရုတ်အစိုးရက အကြမ်းဖက် နှိမ်နင်းခဲ့သဖြင့် ဆန္ဒပြလှုပ် ရှားသူ ၁၀၀ကျော်သေဆုံးခဲ့ရသည်။

ထိုသို့တရုတ်အစိုးရ၏ အကြမ်းဖက်နှိမ်နင်းမှုနှင့် ပတ်သက်၍ မြန်မာရဟန်းတော်များအဖွဲ့ချုပ်က တိဘက် သံဃာများနှင့် ပြည်သူများအတွက် စိတ်မကောင်းကြောင်း ကြေညာချက်တစောင်ထုတ်ပြန်ခဲ့သည့်ပြင် မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုကိုယ်စား ဦးပဉ္ဖင်းဦးပညာဇောတကလည်း တရုတ်ပြည်အစိုးရ၏ လုပ်ရပ်အပေါ် လုံးဝကန့်ကွက်ရှုတ်ချသည်ဟု ပြောဆိုသည်။

“နအဖ အစိုးရကလည်း စစ်အာဏာရှင်၊ တရုတ်အစိုးရကလည်း ကွန်မြူနစ် တပါတီအာဏာရှင်။ သူတို့အချင်း ချင်းက တဦးနဲ့တဦး နှစ်ဦးနှစ်ဘက် အကျိုးရှိအောင်လုပ်နေတာဆိုတော့ အစိုးရတခုကဘာလုပ်လုပ် တခုက ထောက်ခံမှာပဲ” ဟု ဦးပညာဇောတက မြန်မာစစ်အစိုးရ၏ ကြေညာချက်နှင့်ပတ်သက်၍ ထင်မြင်ချက်ပေး သည်။

ဆက်လက်၍ ဦးပဉ္ဖင်းက ရွှေဝါရောင်တော်လှန်ရေးတွင် ရဟန်းတော်များ ဖြိုခွင်းခံခဲ့ရသည်ကို ကိုယ်တိုင်ကြုံ တွေ့ခဲ့သဖြင့် တိဘက်ဘုန်းတော်ကြီးများခံစားရသည်ကို ကိုယ်တိုင်ခံစားနေရသကဲ့သို့ တွေးထင်မိသည်ဟုဆို သည်။

“တိဘက်ဘုန်းတော်ကြီးတွေအနေနဲ့ စိတ်ဓာတ်မကျပါနဲ့။ မိမိတို့လိုအပ်တာကို ရအောင်ကျိုးစားပါ။ အဲလိုပဲ မြန်မာပြည်က ရဟန်းတော်တွေအနေနဲ့လည်း ဆက်ပြီးကြိုးစားသွားမယ်လို့ ဦးပဉ္ဖင်းပြောချင်ပါတယ်” ဟု ဦးပညာဇောတက မိန့်ကြားသည်။

၎င်းနေ့ မတိုင်မီ တပတ်ကျော်ခန့်ကလည်း နအဖပိုင်သတင်းစာများ၌ ထိုင်ဝမ်အစိုးရ၏ ကုလသမဂ္ဂ ဝင်ရောက်ရေးကိစ္စ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကို မြန်မာအစိုးရက ကန့်ကွက်ကြောင်းကြေညာခဲ့သည်။

မြန်မာနိုင်ငံအနေနှင့် တရုတ်တနိုင်ငံတည်းမူဝါဒကို အစဉ်တစိုက်ကျင့်သုံးပြီး ထိုင်ဝမ်နိုင်ငံသည် တရုတ်နိုင်ငံ ၏ ခွဲခြားမရသော အစိတ်အပိုင်းတခုဖြစ်ကြောင်းကို အစဉ်သတ်မှတ်ခံယူသည်ဟု ၎င်းကြေညာချက်တွင် ပါရှိသည်။

ဆက်လက်၍ မြန်မာစစ်အစိုးရက ထိုင်ဝမ်လွတ်လပ်ရေးနှင့် စပ်လျဉ်း၍ ကြိုးပမ်းလုပ်ဆောင်မှုမှန်သမျှကို အတိအလင်းဆန့်ကျင်သည်ဟု ရေးသား ဖော်ပြထားသည်။

မြန်မာစစ်အစိုးရ၏ လူ့အခွင့်အရေးချိုးဖောက်ကာ ဒီမိုကရေစီဖော်ဆောင်မှုမရှိခြင်းကြောင့် အနောက်နိုင်ငံ မိသားစုများက စီးပွားရေးပိတ်ဆို့ အရေးယူမှုများ ပြုလုပ်နေစဉ် တရုတ်အစိုးရက မြန်မာစစ်အစိုးရအတွက် စီးပွားရေးနှင့် စစ်ရေးအထောက်အပံ့များကိုအဓိကပံ့ပိုးနေခဲ့သည်။

စစ်အစိုးရပိုင်သတင်းစာများတွင် နိုင်ငံတကာသတင်းစာမျက်နှာ သုံးမျက်နှာခန့်ပါရှိသော်လည်း မတ်လဆန်း ကတည်းက ဖြစ်ပွားခဲ့သည့် တိဘက်အရေးအခင်းသတင်းကို လုံးဝဖော်ပြခြင်းမရှိခဲ့ပေ။ ပြည်တွင်းရှိ သတင်း ဂျာနယ်များတွင်လည်း ၎င်းသတင်းများကို ဖော်ပြခွင့် ပိတ်ပင်ထားသည်ဟု သတင်းဂျာနယ်အသိုင်းအဝန်းမှ ကြားသိရသည်။



ရန်ကုန် ကားဈေး ထိုးကျ

သုံးနိုင်ငံ ပန်းချီပြပွဲ ချင်းမိုင်တွင် ပြသမည်


ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ သုဝဏ္ဏဘူမိ ပန်းချီပြခန်း၌ မြန်မာပန်းချီ အနုပညာရှင်တဦး အပါအဝင် နိုင်ငံပေါင်း သုံး နိုင်ငံ မှ ပန်းချီအနုပညာရှင် သုံး ဦး ပူးပေါင်းပြသသည့် The Three Nations အမည်ရ ပန်းချီပြပွဲ တပွဲကို မတ်လ ၂၉ ရက် တွင် စတင်ပြသမည်ဖြစ်ကြောင်း သိရသည်။

ပန်းချီ ဟန်လေးနှင့် သူရေးဆွဲသည့် ဒေါ်အောင်ဆန်းစုကြည်ပုံ ပန်းချီကား (ဓာတ်ပုံ - မိုးကျော်/ဧရာဝတီ)


ပါဝင်ပြသမည့် ပန်းချီဆရာများမှာ မြန်မာနိုင်ငံသား ပန်းချီနှင့် ကာတွန်း အနုပညာရှင် ဟန်လေး၊ ထိုင်းနိုင်ငံသား လူငယ်ပန်းချီဆရာ နာရုန်းရွတ် ထောင်ရိုး နှင့် တောင်အာဖရိက ပန်းချီအနုပညာရှင် ဂျက် ရတိ (Jacques Retief) တို့ ၃ ဦးဖြစ်ပြီး ပန်းချီကားပေါင်း ၃၀ ကျော်ပါဝင်ပြသမည်ဖြစ်ကြောင်း ပြပွဲလက်ခံ စီစဉ်သူ မမာမာ ကပြောသည်။

ယခုပြပွဲ ပြသရခြင်းနှင့် ပတ်သက်ပြီး တောင်အာဖရိက ပန်းချီဆရာ ဂျက် ရတိက“ကျနော် ဒီပန်းချီခန်းကို ရောက်ပြီး မြန်မာပန်းချီတွေနဲ့ မြန်မာ ပန်းချီဆရာတွေကို စိတ်ဝင်စားမိတယ်၊ နောက် အခုပြပွဲအတူပြတဲ့ ပန်းချီ ဆရာ၂ ယောက်က ပြပွဲလုပ်မယ်ဆိုတာ သိရတော့ ကျနော်လည်း ပါဝင်ချင်စိတ်ပေါက်ပြီး ပြဖြစ်တာပါ”ဟု ပြောပြသည်။

၎င်း ပြသမည့် ပန်းချီကားများသည် မော်ဒန်အနုပညာဟန်နှင့်ရေးဆွဲထားသော ပန်းချီလက်ရာများဖြစ်ပြီး မြန်မာနိုင်ငံအကြောင်း ရေးဆွဲထားသော ပန်းချီကားလည်း ပါဝင်သည်။

ထိုင်း လူငယ် ပန်းချီဆရာ နာရုန်းရွတ်ကလည်း သူ၏ ကြာပန်း ပန်းချီကားများနှင့်အတူ (ဓာတ်ပုံ - မိုးကျော်/ဧရာဝတီ)

ထိုင်း လူငယ်ပန်းချီဆရာ နာရုန်းရွတ်ကလည်း သူ့အနေနှင့် မြန်မာပန်းချီ အနုပညာကို နှစ်သက်သူ ဖြစ်ပြီး မြန်မာ ပန်းချီအနုပညာရှင်များကို များစွာတန်ဖိုးထား လေ့လာ၍ သူ၏ပန်းချီကားများကို ရေးဆွဲသည်ဟု ပြောသည်။

နာရုန်းရွတ်၏ ယခုပြသမည့် ပန်းချီကားများမှာ ၎င်း ပန်းချီဘွဲ့အတွက် ရေးဆွဲသည့် ညှိုးရော်နေသော ကြာပန်းပုံ ပန်းချီကား စီးရီးဖြစ်ကြောင်း သိရသည်။

ယခု Three Nations ပြပွဲတွင် ပန်းချီကား ၁၀ ကားကျော် ပါဝင် ပြသမည်ဖြစ်ကြောင်း၊ ပြသမည့် ပန်းချီကားများ မှာ သရုပ်မှန် ပန်းချီဟန်များနှင့် စိတ်ခံစားမှုကို ဖော်ထုတ် ရေးဆွဲသော ပန်းချီရေးဟန်များဖြင့် ရေးဆွဲသည့် ပန်းချီ လက်ရာများဖြစ်ကြောင်း မြန်မာပန်းချီဆရာ ကာတွန်းဆရာ ကိုဟန်လေးကလည်း ပြောပြသည်။

“အခု အတူပြမယ့်ပန်းချီဆရာတွေက နိုင်ငံ မတူဘူး၊ လူမျိုးလည်း မတူ၊ ယဉ်ကျေးမှုခြင်းလည်း မတူကြတဲ့ အတွက် အတွေးအမြင်ခံစားမှု မတူနိုင်တာတွေရှိမယ်၊ အဲဒီလို မတူတာတွေကို ပရိသတ်အနေနဲ့ မျှဝေခံစားစေချင် လို့ ပြပွဲလုပ်ဖြစ်တာပါ”ဟု ကိုဟန်လေးက ဆိုသည်။


တောင်အာဖရိက ပန်းချီဆရာ ဂျက် ရတိ ၏ မြန်မာပြည်အကြောင်း ရေးဆွဲထားသော ပန်းချီလက်ရာများ

ကိုဟန်လေးမှာ ရှမ်းတိုင်းရင်းသား တဦးဖြစ်ပြီး ယခု Three Nations ပြပွဲအပါအဝင် ပန်းချီပြပွဲပေါင်း ၇ ပွဲ ပြသ ခဲ့ကာ လက်ရှိတွင်လည်း ဧရာဝတီ၊ ရှမ်းသံတော်ဆင့်၊ ခေတ်ပြိုင် ၊ မဇ္ဈိမ စသည့် ပြည်ပ သတင်းဌာနများတွင် နိုင်ငံရေးကာတွန်းများကို ရေးဆွဲနေသူတဦး ဖြစ်သည်။

ပြပွဲလက်ခံကျင်းပသည့် သုဝဏ္ဏဘူမိ ပန်းချီ ပြခန်းသည် ဧပြီ၂၇ ရက် အထိပြသမည့် ယခုပြပွဲ အပါအဝင်၂၀၀၈ ခုနှစ် အတွင်း ပန်းချီပြပွဲ ၄ ပွဲ ပြသပြီးဖြစ်ပြီး ယခင် နှစ် အတွင်း ပန်းချီပြပွဲပေါင်း ၇ ပွဲ ပြသခဲ့ကာ မြန်မာပန်းချီ ဆရာများ၏ လက်ရာအများစု ဖြစ်ကြောင်းသိရသည်။

၂၀၀၈ ခုနှစ် ဇွန်လ အလယ်တွင်လည်း စကော့တလန် ပန်းချီဆရာတဦး၏ ပန်းချီပြပွဲကို ပြသရန်ရှိပြီး သုဝဏ္ဏဘူမိ ပန်းချီပြခန်းကို နိုင်ငံတကာမှ ပန်းချီအနုပညာရှင်တချို့လည်း စိတ်ဝင်စားမှုရှိသည်ဟု ပြခန်းပိုင်ရှင် မမာမာက ပြောပြသည်။

ယင်း သုဝဏ္ဏဘူမိပန်းချီပြခန်းသည် ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ၂၀၀၄ ခုနှစ် ဂျူလိုင်လတွင် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ် ပြီး သုဝဏ္ဏဘူမိ ဟူသော အမည်ကို မြန်မာသမိုင်း ပညာရှင် ဒေါက်တာ သန်းထွန်းက ပေးခဲ့ကြောင်း နှင့် တခု တည်းသော မြန်မာပန်းချီပြခန်းဖြစ်ကြောင်းလည်း သိရသည်။






March 28, 2008

NLD ဦးမြင့်သိန်း ကွယ်လွန်


အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ဦးမြင့်သိန်းဟာ အစာအိမ်နှင့်ကျောက်ကပ်ဝေဒနာ တို့ဖြင့် စင်ကာပူမှာ လာရောက်ဆေးဝါးကုသနေရင်း ၂၈.၃.၀၈ ညနေ ၈နာရီ၁၅ အချိန်မှာ ကွယ်လွန်သွားပါကြောင်း သိရှိရပါတယ်။

အပစ်ရပ်အဖွဲ့များ လက်နက်ကိုင် တိုက်ပွဲ ပြန်ဝင်ရန် အက်စ်အက်စ်အေ တိုက်တွန်း


လူထုဆန္ဒခံယူပွဲကို အပစ်ရပ်အဖွဲ့များက ထောက်ခံလျှင် လက်နက်ချရမည့် အခြေအနေ နှင့် မလွဲမသွေ ကြုံကြ ရမည်ဖြစ်၍ မြန်မာနိုင်ငံရေးပြဿနာများကို လက်နက်ကိုင် အဖွဲ့အစည်းများအားလုံး စုပေါင်း တိုက်ပွဲဝင် ဖြေရှင်း ရန် ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီက တိုက်တွန်းလိုက်သည်။

ယင်းသို့ တိုက်တွန်းရခြင်းနှင့် ပတ်သက်၍ ရှမ်းပြည်ပြန်လည်ထူတောင်ရေးကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ် မှူး စိုင်းလောင်ဝ်စိုင်းက ယခုလိုပြောသည်။

“အခုကာလမှာဆိုရင် သူတို့အတွက်ဟာ အချိန်သိပ်မရှိသလိုဖြစ်နေပါတယ်။ ဥပမာ ဒီရွေးကောက်ပွဲ ပြီးသွားပြီဆိုရင် ဒီ ငြိမ်းအဖွဲ့တွေဖြစ်တဲ့ အပစ်ခတ်ရပ်စဲရေးတွေဖြစ်တဲ့ သူတို့ အခန်းကဏ္ဍဟာ သူတို့ ပြန်လည်သုံးသပ်ဖို့ လိုအပ်ပါပြီ။ ဥပဒေဘောင်အတွင်း ၀င်ရောက်မယ်ဆိုရင် သူတို့ပြဌာန်းလာမယ့် ဥပဒေကတော့ မြန်မာပြည်မှာ တပ်မတော် တခုထဲသာ ရှိရမှာပါ။ ဒီလိုဆိုရင် လက်နက်ကိုင်ဆောင်ချင် တယ်ဆိုရင် တပ်မတော်တွင်းကို ၀င်ရောက်ရမှာဖြစ်ပါတယ်။ဒါမှမဟုတ်လို့ရှိရင် ရဲတပ်ဖွဲ့မှာ ၀င်ရောက် ရမှာဖြစ်ပါတယ်။ သူတို့တပ်နာမည်ကိုလည်း ဖျောက်ပစ်ရမှာဖြစ်ပါတယ်။ အဲဒီတော့ ဒီလို အဖြစ်ခံမှာ လား၊ ကိုယ်ကလက်နက်ကိုင်ဆောင်ပြီးတော့ ကိုယ်ရယူလိုတဲ့ ကိုယ့်အခွင့်အရေးကို ပြန်ပြီးတော့ တိုက် ယူမှာလား အဲဒီ လမ်းနှစ်လမ်းကို သူတို့ရွေးချယ်ရတော့မှာ ဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့က သူတို့ကို အဲဒီလို ပုံစံမျိုးနဲ့ တိုက်တွန်းထားတာပါ ခင်ဗျား။ ”

မြန်မာစစ်အစိုးရ၏ အခြေခံဥပဒေသည် ဒီမိုကရေစီနည်းကျ ပြည်သူ့ဆန္ဒနှင့် အညီ ရေးဆွဲထားခြင်း မဟုတ်သလို ၁၉၉၀ပြည့် ရွေးကောက်ပွဲတွင် အနိုင်ရသည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နှင့် ရှမ်းတိုင်းရင်းသားများ ဒီမိုက ရေစီအဖွဲ့ချုပ်တို့ ပါဝင်ရေးဆွဲခြင်း မရှိဘဲ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ရေး အတွက်သာ ရည်ရွယ် ရေးဆွဲ ထားခြင်း ဖြစ်သည်ဟု ရှမ်းပြည်ပြန်လည်ထူတောင်ရေးကောင်စီက သုံးသပ်သည်။

စစ်အစိုးရကအတည်ပြုရန် ပြင်ဆင်နေသော ယင်းအခြေခံဥပဒေသည် တိုင်းရင်းသားများ အတွက် အာမခံချက် မရှိသောကြောင့် ရှမ်းပြည်ပြန်လည်ထူတောင်ရေးကောင်စီနှင့် ယင်း၏ လက်နက်ကိုင်တပ်ဖွဲ့ ဖြစ်သော ရှမ်းပြည် တပ်မတော် (တောင်ပိုင်း) အနေဖြင့် လက်နက်ကိုင်လမ်းစဉ်မှတပါး အခြားရွေးစရာ မရှိဟု ဗိုလ်မှူးစိုင်းလောင်ဝ် စိုင်းက ပြောသည်။

“ကျနော်တို့ ဥက္ကဌကြီး ပြောထားတာကတော့ ကျနော်တို့ နိုင်ငံရေးပုံသဏ္ဍာန်နဲ့ ရွေးကောက်ပွဲ ၀င် မယ်ဆိုရင်လည်း လွတ်တော်မှာ ကျနော်တို့ နေရာ ဘယ်လောက်ပဲ ရနိုင်မလဲ။ ဒီတော့ နိုင်ငံရေး ပုံသဏ္ဍာန်နဲ့ လွတ်တော် အတွင်းမှာ တိုက်ပွဲဝင်မယ်ဆိုရင်လည်း အဲဒီနည်းက ကျနော်တို့အတွက် အကျိုးအမြတ် မဖြစ်နိုင်ပါဘူး။ ကျနော်တို့မှာ ရွေးစရာလမ်းဆိုတာ လက်နက်ကိုင်ဆောင်ပြီးတော့ တော်လှန်တိုက်ခိုက်တဲ့ နည်းလမ်းတလမ်းသာ ကျနော်တို့အတွက် အသင့်တော်ဆုံးလို့ ကျနော်တို့ ဥက္ကဌကြီးက ညွှန်ပြထားပါတယ်ခင်ဗျား။”

၁၉၄၈ ခုနှစ်တွင် ချုပ်ဆိုခဲ့သော ပင်လုံစာချုပ်ပါသဘောတူညီချက်များကို မြန်မာစစ်အစိုးရ က အကောင်အထည် ဖော်ခြင်းမရှိ၍ နိုင်ငံရေးပါတီနှင့် လက်နက်ကိုင်အဖွဲ့များကို ဒုတိယအကြိမ် ထပ်မံ အလိမ်မခံကြရန် ၄င်းတို့၏ ကြေညာချက်တွင် ထောက်ပြသည်။

မြန်မာနိုင်ငံအရေး ဖြေရှင်းရန်အတွက် နိုင်ငံရေးပါတီအဖွဲ့အစည်းများနှင့် ရဟန်းရှင်လူ ပြည်သူလူထုတရပ်လုံးက စစ်အာဏာရှင်စနစ်အား ဖြိုဖျက်ရန် အခြေခံဥပဒေအား ဆန့်ကျင်ဆန္ဒပြရန် လိုအပ်ကြောင်း ရှမ်းပြည်ပြန်လည် ထူတောင်ရေးကောင်စီက တိုက်တွန်းထားသည်။

ရှမ်းပြည်ပြန်လည်ထူတောင်ရေးကောင်စီသည် မြန်မာပြည်ရှိ နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းဖြင့် တွေ့ဆုံ ဆွေးနွေးအဖြေရှာရန် အစဉ်တစိုက်တောင်းဆိုခဲ့ပြီး ယမန်နှစ် အတွင်းက တွေ့ဆုံဆွေးနွေးရန် ပြင်ဆင်ခဲ့သော် လည်း မြန်မာစစ်အစိုးရ ကိုယ်စားလှယ် မရောက်လာ၍ မအောင်မြင်ခဲ့ပေ။



နအဖ အလိုကျ ရေးဆွဲထားသည့် ၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ ၂၀၁၀ ခုနှစ်တွင် ပေါ်ပေါက်လာမည့် အစိုးရသစ်ပုံစံ



(၁) သမ္မတသည် နိုင်ငံတော် အကြီးအကဲ ဖြစ်သည်။
(၂) သမ္မတသည် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေး(N.D.S.C)၏ အကြံပြုချက်ဖြင့် ကာကွယ်ရေးဦးစီးချုပ် ကို ခန့်ရမည်။
(၃) သမ္မတသည် ပြည်နယ်၊ တိုင်း ၀န်ကြီးချုပ်များကို အမည်တင်သွင်းပြီး သက်ဆိုင်ရာ လွှတ်တော်များ၏ သဘောတူညီမှုကို ယူရမည်။
(၄) သမ္မတသည် နိုင်ငံတော် ငွေသုံးစွဲရေး ဥက္ကဋ္ဌဖြစ်ပြီး ဘဏ္ဍာရေးဝန်ကြီးက အတွင်းရေးမှူးအဖြစ် ဆောင် ရွက်သည့် ပြည်ထောင်စု ဘဏ္ဍာငွေခွဲဝေရေး ကော်မတီတရပ် ရှိမည်။

သမ္မတ၏ အရည်အချင်းများ
(က) လွှတ်တော်အမတ် ဖြစ်စရာ မလို။
(ခ) နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ စစ်ရေး ကျွမ်းကျင်သူ ဖြစ်ရမည်။
(ဂ) အသက်(၄၅)နှစ်ထက် မငယ်ရ၊ နိုင်ငံတွင် အနှစ်(၂၀)ဆက်တိုက် နေထိုင်သူ ဖြစ်ရမည်။

အခြေခံဥပဒေပြင်ဆင်ရေး
(၁) ပြည်သူ့လွှတ်တော် (လွှတ်တော် နှစ်ရပ်ပေါင်း)၏ ၇၅%၏ ထောက်ခံမဲဖြင့် ပြင်ဆင်နိုင်သည်။
(၂) ပြင်ဆင်ရေး မူကြမ်းကို ၂၀% (၁၃၃ဦး) လက်မှတ်ထိုးမှ လက်ခံစဉ်းစားမည်။

လွှတ်တော်အစည်းအဝေး
(၁) ကိုယ်စားလှယ် သုံးပုံတပုံ တက်ရောက်လျှင် လွှတ်တော် အထမြောက်သည်။

အတိုကောက်စာလုံးများ
(၁) President (သမ္မတ)
(၂) V.P-1 (ဒု သမ္မတ- ၁)
(၃) V.P-2 (ဒု သမ္မတ- ၂)
(၄) Def Chief (ကာကွယ်ရေးဦးစီးချုပ်)
(၅) V- Def Chief (ဒု ကာကွယ်ရေးဦးစီးချုပ်)
(၆) A (ကာာကွယ်ရေးဝန်ကြီး)
(၇) B (ပြည်ထဲရေးဝန်ကြီး)
(၈) C (နယ်စပ်ကာကွယ်ရေးနှင့် လုံခြုံရေးဝန်ကြီး)
(၉) U.H (အထက်လွှတ်တော်)
(၁၀) L.H (အောက်လွှတ်တော်)
(၁၁) Army Representative (ကာကွယ်ရေးဦးစီးချုပ်က တိုက်ရိုက်ခန့်အပ်သော ကိုယ်စားလှယ်များ)
((၁၂) Ministries (၀န်ကြီးဌာနများ)
(၁၃) N.D.S.C (အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ)

မှတ်ချက်။ ။ အဆိုပါကောင်စီတွင် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်က တိုက်ရိုက် ခန့်အပ်သော စစ်ဘက်ကိုယ်စားလှယ် (၅)၊ သမ္မတ၊ ဒု-သမ္မတ၊ လွှတ်တော်(၂)ရပ်မှ ဥက္ကဌ (၂) ဦး၊ စုစုပေါင်း (၁၀)ဦးဖြင့် ဖွဲ့စည်းထားသည်။
ဝန်ခံချက် ။ ။ မောင်လူအေး၏ ဖွဲ့စည်းပုံလေ့လာခြင်း စာတမ်းကို အခြေခံကာ ပုံဖော်တင်ပြပါသည်။



လူ့အခွင့်အရေးလှုပ်ရှားသည့် HRDP အဖွဲ့ခေါင်းဆောင် အရိုက်ခံရ

တို့ခေတ်ဂျာနယ်

မြန်မာအလုပ်သမားနှစ်ဦး ကားတိုက်ခံရ၍သေဆုံး

အပြည်ပြည်ဆိုင်ရာမြန်မာရဟန်းတော်များအဖွဲ့ချုပ်ဥက္ကဌဆရာတော် မစ္စတာ ကိတ်လော့ခ်နှင့်တွေ့ဆုံ


အပြည်ပြည်ဆိုင်ရာမြန်မာရဟန်းတော်များအဖွဲ့ချုပ်ဥက္ကဌဆရာတော် ဦးပညာဝံသဟာ ယနေ့မွန်းလွဲ ၂ နာခွဲမှာ နယူးဇီလန်လွတ်တော်အမတ်တစ်ဦးဖြစ်သူ မစ္စတာကိတ်လော့ခ်နှင့် တွေ့ဆုံပြီး မြန်မာ့အရေးဆွေးနွေးပွဲတစ်ခုပြုလုပ်ခဲ့ကြောင်းသိရှိ့ရပါတယ်။ မစ္စတာကိတ်လော့ခ်ဟာ ဂရီးပါတီကဖြစ်ပြီး နယူးဇီလန်အစိုးရအဖွဲ့တော်တော်များများရဲ့ ပြောရေးဆိုခွင့်ရှိ့သူတစ်ဦးလည်းဖြစ်ကြောင်းသိရှိ့ရပါတယ်။

အပြည်ပြည်ဆိုင်ရာမြန်မာရဟန်းတော်များအဖွဲ့ချုပ် ဥက္ကဌဆရာတော် ဦးပညာဝံသဟာ နယူးဇီလန်နိုင်ငံ၊ အောက်ကလန်မြို့သို့ မနေ့က မတ်လ ၂၆ ရက်နေ့ညနေ ၃နာရီကျော်လောက်ကရောက်ရှိ့သွားခဲ့တာဖြစ်ပြီး မြန်မာဒီမိုကရေစီလှုပ်ရှားသူများက ကြိုဆိုခဲ့ကြပါတယ်။ ယနေ့ ညနေ ၆ နာရီမှာ နယူးဇီလန်ရောက်မြန်မာအဖွဲ့အစည်းများကို အပြည်ပြည်ဆိုင်ရာမြန်မာရဟန်းတော်များအဖွဲ့ချုပ်နဲ့ပတ်သက်ပြီး ရှင်းလင်းဟောပြောမှာဖြစ်ပါတယ်။ မနက်ဖြန်ခါ နေ့လည် ၁နာရီမှာ နယူးဇီလန်လွတ်တော်အမတ်များနဲ့ နိုင်ငံရေးသမားများကို သတင်းစာရှင်းလင်းပြုလုပ်မှာဖြစ်ပါတယ်။ ၂၉ ရက်နေ့ မနက် ၇နာရီမှာ နယူးဇီလန်၊ အောက်ကလန်မြို့ကနေ သြစတေးလျနိုင်ငံသို့ဆက်လက်ထွက်ခွာမှာဖြစ်ကြောင်းသိရှိ့ရပါတယ်။

သခင်တင်မြ၏လက်ထက်မင်္ဂလာအကြောင်း


ပေးပို့ သူရှမ်းကလေး

ပြည်ပရောက် တိဘက်တွေ ဆန္ဒပြရင် နယ်နှင်မယ်လို့ နီပေါရဲတပ်ဖွဲ့ သတိပေး


နီပေါနိုင်ငံ ခတ်ဒမန်ဒူမြို့တော်မှာ ပြည်ပ
ရောက် တိဘက်ဒုက္ခသည်တွေအနေနဲ့ ဆန္ဒ
ပြမယ်ဆိုရင် ဖမ်းဆီးပြီး နေရပ်ပြန်ပို့တာကို
ခံရလိမ့်မယ်လို့ နီပေါရဲတပ်ဖွဲ့က ပြောဆိုထား
ပါတယ်။နီပေါအာဏာပိုင်တွေဟာ ဆန္ဒပြသူတွေ
အပေါ် ပိုပြီး ဖိအားတွေပေးနေတယ်လို့ တိဘက်အရေးလှုပ်ရှားသူတွေက ဗွီအိုအေကို
ပြောပါတယ်။

နီပေါအာဏာပိုင်တွေဟာ ဆန္ဒပြသူတွေ
အပေါ် ပိုပြီး ဖိအားတွေပေးနေတယ်လို့ တိဘက်အရေးလှုပ်ရှားသူတွေက ဗွီအိုအေကို
ပြောပါတယ်။ ဆန္ဒပြမယ်ဆိုရင် ဖမ်းဆီးပြီး
နယ်ခြားက တရုတ်ရဲတွေရဲ့လက်ထဲကို လွှဲပြောင်းပေးမယ်လို့လည်း ပြောပါတယ်။

ရဲတွေက မြို့ထဲမှာသွားလာနေတဲ့ တိဘက်တွေနဲ့ တိဘက်ဘုန်းတော်ကြီးတွေကို ဆန္ဒပြ
ပွဲမှာ မပါပေမယ့်လည်း ဖမ်းဆီးနေတယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေး
အဖွဲ့က ပြောပါတယ်။

ပြီးခဲ့တဲ့ သီတင်းနှစ်ပတ်အတွင်း ပြည်ပရောက် တိဘက်တွေဟာ နီပေါနိုင်ငံ ခတ်ဒမန်ဒူ မြို့တော်မှာရှိတဲ့ တရုတ်သံရုံးနားမှာ နေ့စဉ်နီးပါး ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဆန္ဒပြဖို့ ကြိုးစား
ခဲ့ကြပါတယ်။

နီပေါရဲတွေက လူအုပ်တွေကို နံပါတ်တုတ်တွေနဲ့ ရိုက်နှက် လူစုခွဲခဲ့သလို ရာနဲ့ချီတဲ့ တိဘက်လူမျိုးတွေကိုလည်း ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။




March 27, 2008

ရွေးကောက်ပွဲအပြီး အာဏာလွှဲရေးလုပ်မည်ဟု ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ပြောကြား


စစ်တပ်သည် အာဏာမမက်မောကြောင်း၊ ၂၀၁၀ ပြည့်နှစ်တွင် ရွေးကောက်ပွဲကျင်းပ ပေးခြင်းဖြင့် အာဏာလွှဲပြောင်းရေးဆောင် ရွက်မည်ဟု နအဖစစ်ခေါင်းဆောင်ဗိုလ်ချုပ် မှူးကြီး သန်းရွှေက ကြပ်ပြေး နေပြည်တော်
၌ ယနေ့ ကျင်းပသည့် (၆၃) နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့အခမ်းအနားတွင် ပြောကြားသည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် ကျန်းမာရေး ချို့ယွင်းနေသည်ဟု သတင်းများထွက်ခဲ့

သော်လည်း ယနေ့နေပြည်တော်စစ်ရေးပြကွင်း၌ နအဖစစ်သည် (၁၃,၀၀၀)ကျော်၏ရှေ့မှောက် ၌ မာစီဒီးအမျိုးအစား အမိုးဖွင့်ကားဖြင့် ဗိုလ်ရှုခံခဲ့ပြီး ၎င်း၏ ဇနီး ဒေါ်ကြိုင်ကြိုင်ကလည်း နအဖ စစ်သည်တို့ကို ပန်းကုံးများစွပ်ခဲ့သည်ဟု မြန်မာ့ရုပ်မြင်သံကြား တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့် ရှုသူတို့က ပြောသည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေက “ရဲဘော်တို့ တပ်မတော်အစိုးရဟာ နိုင်ငံတော်ရဲ့ တာဝန်အရပ်ရပ်ကို မလွှဲသာမရှောင်သာ ရယူလိုက်ရပြီးတဲ့နောက် အာဏာအရပ်ရပ်ကို ပြည်သူ့ထံသို့ ပြန်လည်လွှဲ ပြောင်းပေးနိုင်ရေးအတွက် တရံမလပ်ခံယူပြီး ရည်မှန်းပြင်ဆင်ခဲ့တာဖြစ်တယ်။ တပ်မတော်ဟာ အာဏာကိုမက်မောခြင်းမရှိဘဲ မိမိတာဝန်ယူရတဲ့အခိုက်မှာနိုင်ငံတော်ဖွံ့ဖြိုးတိုးတက်အောင်၊ တာ ၀န်လစ်ဟင်းခြင်းမရှိအောင် မနားမနေအပင်ပန်းခံပြီး ကြိုးပမ်းထမ်းဆောင်နေခဲ့တာဖြစ်တယ်”
ဟု မိန့်ခွန်းတွင် ထည့်သွင်းပြောကြားသွားကြောင်း သတင်းကြေညာသူက ဖတ်ကြားသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း ပြီးစီးပြီဖြစ်သဖြင့် လာမည့်မေလတွင် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပပေးမည့်အပြင် ဖြစ်ပေါ်လာမည့် ဖွဲ့စည်းပုံအခြေခံဥပဒေသစ်နှင့်အညီ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲကို ၂၀၁၀ ပြည့်နှစ်တွင် ကျင်းပပေးခြင်းဖြင့် နိုင်ငံတော်အာဏာ လွှဲ ပြောင်းရေးကို ဆောင်ရွက်နိုင်တော့မည်ဟုလည်း ဗိုလ်ချုပ်မှူးကြီးက ပြောသည်။

တပ်မတော်က အာဏာမမက်မောကြောင်း ပြောဆိုမှုသည် စစ်ဗိုလ်ချုပ်ကြီးများ အစဉ်တစိုက် ပြောခဲ့သည့် စကားဖြစ်ပြီး သမိုင်းသင်ခန်းစာများအရ ၎င်းတို့၏စကားများမှာ ယုံရခက်သည်ဟု
ဝါရင့်နိုင်ငံရေးသမားကြီး ဦးထွေးမြင့်က ထောက်ပြဝေဖန်သည်။

၎င်းက “ဒီလိုပြောတာကို ယုံရခပ်ခက်ခက်လို့ ပြောလို့ဖြစ်ပါတယ်။ ၂၀၁၀ မှာဘာဖြစ်မယ်ဆိုတာ ကြိုမပြောနိုင်ပေမယ့် ၁၉၇၄ မှာ ဘယ်လိုအပြောင်းအလဲဖြစ်ခဲ့တယ်ဆိုတာကိုတော့ ကျနော်တို့ တွေ့ပြီးသား၊ ကြုံပြီးသားဖြစ်တယ်။ ၁၉၉၀ ပြည့်နှစ်မှာလည်း ဗိုလ်ချုပ်မှူးကြီးစောမောင်က အာ ဏာလွှဲပေးမယ်။ ရွေးကောက်ခံကိုယ်စားလှယ်တွေကပဲအခြေခံဥပဒေဆွဲပါ။ ကျနော်တို့မပါ ပါရ စေနဲ့ဆိုပြီး တိတိလင်းလင်းပြောခဲ့တာပဲ။ ဒါပေမယ့်လက်တွေ့ဘာမှအကောင်အထည်ဖြစ်မလာ ပါဘူး။ တပ်မတော် စစ်တန်းလျားကို ပြန်မယ်ဆိုတဲ့ ပုဂ္ဂိုလ်လည်း မရှိတော့ သူပြောတဲ့ကတိကို နောက်လူတွေက လိုက်စရာမလိုဘူးလို့ သဘောထားသလားတော့ မသိပါဘူး” ဟု ပြောသည်။

ဝါရင့်နိုင်ငံရေးသမားကြီးများကလည်း ရန်ကုန်မြို့ရှိ သခင်သိန်းဖေနေအိမ်၌ ဖက်ဆစ်တော်လှန် ရေးနေ့ မိတ်ဆုံစားပွဲတခုကို ယနေ့ကျင်းပခဲ့သည်။

ယင်းအခမ်းအနားတွင် သခင်သိန်းဖေက နိုင်ငံတနိုင်ငံ၏ အခြေခံအုတ်မြစ်သည် သွေးစည်းညီ ညွတ်ရေးဖြစ်ပြီး တိုင်းရင်းသားများအပါအ၀င် တာဝန်ရှိသူ ခေါင်းဆောင်များအကြား တွေ့ဆုံ ဆွေးနွေး၍ အမျိုးသားညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး တည်ဆောက်ကြရန် ပန်ကြားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရန်ကုန်မြို့ရှိ ဗဟိုဌာနချုပ်၌ အခမ်းအနားသီးခြားကျင်းပခဲ့ပြီး စစ်အစိုးရ ကိုယ်တိုင်ထုတ်ပြန်ခဲ့သည့် ၁/၉၀ ကြေညာချက်အတိုင်း ပြည်သူ့လွှတ်တော်ခေါ်ယူ ပေးရန်နှင့် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရန် တောင်းဆိုကြောင်း ထပ်မံကြေညာသည်။

အဖွဲ့ချုပ်ရုံးရှေ့၌ အန်အယ်လ်ဒီ လူငယ် (၂၀) ကျော်တို့က ဖက်ဆစ်တော်လှန်ရေးအလံနှင့် ယူအန်အလံများကိုင်ပြီး “ပြတ်ပြတ်သားသားဆန့်ကျင်ကြ၊ NO! ” ဟု ရေးသားထားသည့် အနီ၊ အဖြူ နှင့် အပြာရောင်အင်္ကျီများဝတ်ဆင်ကာ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး၊ နိုင်ငံ ရေးအကျဉ်းသားများလွတ်မြောက်ရေး၊ လူထုဆန္ဒခံယူပွဲ အလိုမရှိ စသည့် ကြွေးကြော်သံများ၊ သီချင်းနှင့် သံချပ်များဟစ်အော်၍ ဆန္ဒပြခဲ့သည်ဟု အဖွဲ့ချုပ်လူငယ်အဖွဲ့ဝင်တဦးကပြောသည်။

မြန်မာနိုင်ငံကို (၃) နှစ်ကြာ ရက်ရက်စက်စက် ညှဉ်းပန်းနှိပ်စက်အုပ်ချုပ်ခဲ့သည့် ဖက်ဆစ်ဂျပန် များကို မြန်မာပြည်သူတရပ်လုံး ညီညီညွတ်ညွတ် တော်လှန်တိုက်ပွဲဝင်ခဲ့သည့် မတ်လ (၂၇) ရက်နေ့ကို ဖက်ဆစ်တော်လှန်ရေးနေ့အဖြစ် ခေတ်အဆက်ဆက်ကျင်းပခဲ့သော်လည်း လက်ရှိ စစ်အစိုးရက တပ်မတော်နေ့အဖြစ် သတ်မှတ်ကျင်းပသည်။ ။



ဒီချုပ်လူငယ်များက ကန့်ကွက်မဲပေးရန် NO လှုပ်ရှားမှု စတင်


နယူးဒေလီ။ ။ နအဖ ၏ လူထုဆန္ဒခံယူပွဲတွင် ကန့်ကွက်မဲပေးရေး NO လှုပ်ရှားမှုတရပ်ကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် လူငယ်များက ယနေ့ (တော်လှန်ရေးနေ့) ၌ ရုံးချုပ်ရှေ့တွင် လုပ်ဆောင်ခဲ့ကြသည်။

အဖွဲ့ချုပ်လူငယ် ၂ဝ ကျော်က NO တံဆိပ် ကပ်ထားသည့် တီရှပ် အဖြူ၊ အပြာ၊ အနီ တို့ကို ဝတ်ဆင်ကာ ၆၃ နှစ်မြောက် တော်လှန်ရေးနေ့ အခမ်းအနား မစတင်ခင် ရန်ကုန်တိုင်း ဗဟန်းမြို့နယ် ရွှေဂုံတိုင်လမ်းရှိ ရုံးချုပ်ရှေ့တွင် ဆန္ဒ ဖော်ထုတ်ခဲ့ကြခြင်း ဖြစ်သည်။

"ရှပ်အဖြူ၊ အနီ၊ အပြာတွေမှာ NO စာလုံးရေးထားပြီး အပေါ်မှာက ' ပြတ်ပြတ်သားသား ဆန့်ကျင်ကြ' စာတန်း ကပ်ထားတဲ့ ရှပ်တွေကို ဝတ်ပြီးတော့ ဖက်ဆစ် တော်လှန်ရေးအလံတွေ ကိုင်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး၊ နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးတွေ၊ ကမ္ဘာမကြေ သီချင်းဆိုတယ်။ နောက်ပြီး လူထု ဆန္ဒခံယူပွဲအလိုမရှိ ဆိုပြီး အော်ကြတာပေါ့ ' ဟု အဖွဲ့ချုပ်လူငယ်တဦးက မဇ္ဈိမကို ပြောသည်။


အဖွဲ့ချုပ်လူငယ်များက တနာရီကြာမျှ ကြွေးကြော်သံများ ဟစ်အော်ခဲ့ကြသည်။

ကြံ့ဖွံ့နှင့် အထူး ရဲသတင်းတပ်ဖွဲ့ဝင်အချို့ လာရောက်ကာ ဓာတ်ပုံရိုက် သတင်း ယူခဲ့ကြသော်လည်း တစုံတရာ နှောင့်ယှက်ခြင်း မရှိခဲ့ကြောင်းနှင့် "ဒါကတော့ အဖွဲ့ချုပ် လူငယ်တွေရဲ့ ကိုယ့်ဆန္ဒကို ကိုယ်ထုတ်ဖော်တာ။ လာကြည့်တဲ့ ပြည်သူလူထုတွေမှာလည်း တစုံတရာ မက်ဆေ့ခ်ျတော့ ရသွားမှာပေါ့" ဟု ဟု အဆိုပါ လူငယ်က ပြောသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ကျင်းပသည့် တော်လှန်ရေးနေ့ အခမ်းအနားတွင်မူ နဝတ၏ ပြည်သူ့လွှတ်တော် ခေါ်ယူပေးရေး ကတိကဝတ်များ ဖြစ်သည့် ၁၉၈၉ ရွေးကောက်ပွဲဥပဒေပုဒ်မ (၃) နှင့် ၁၊၉ဝ ကြေညာချက် အပိုဒ် ၁၂ တို့နှင့်အညီ နအဖ ကိုယ်တိုင်က ပြည်သူ့လွှတ်တော် ခေါ်ယူပေးရေးကို တောင်းဆိုခဲ့သည်။

ထို့အပြင် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ၊ သံဃာတော်များနှင့် နိုင်ငံရေးအကျဉ်းသားများ အားလုံးကို ပြန်လွှတ်ပေးရေး၊ နှစ်ရှည် ထောင်ဒဏ်ကျခံနေရသည့် ရှမ်းဒီချုပ်ပါတီ ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးအပါအဝင် ရှမ်းခေါင်းဆောင်များကို ချွင်းချက်မရှိ ပြန်လွှတ်ပေးရန် နအဖကို တောင်းဆိုခဲ့ကြသေးသည်။

သည့်နောက် မြို့နယ်များရှိ အဖွဲ့ချုပ် စည်းရုံးရေးအဖွဲ့ဝင်များ၏ ရုံးခန်းများကို ချိတ်ပိတ်ထားခြင်းမှ ပြန်ဖွင့်ပေးပြီး စည်းရုံး လှုပ်ရှားခွင့်များ ပြန်ပေးရန်နှင့် ၉ဝ ရွေးကောက်ပွဲတွင် ပါဝင်ခဲ့ကြသည့် နိုင်ငံရေးပါတီများကို မှတ်ပုံတင်အသစ် ထုတ်ပေးပြီး စည်းရုံး လှုပ်ရှားခွင့် ပြန်ပေးရန်လည်း တောင်းဆိုခဲ့သည်။

အခမ်းအနားသို့ ဝါရင့် နိုင်ငံရေးသမားများနှင့် နိုင်ငံခြားသံရုံးများမှ သံတမန်များ အပါအဝင် လူဦးရေ ၅ဝဝ ကျော် တက်ရောက်ခဲ့ကြပြီး အခန်းအနားအပြီး အဖွဲ့ချုပ် လူငယ်များက အိန္ဒိယရောက် မြန်မာ့ ဒီမိုကရေစီအင်အားစုများ ရေးသားတင်ဆက်သည့် ဘုန်းဘုန်းချမှ လုံးလုံးရမယ် တိုက်ပွဲခေါ် မြန်မာ့ရိုးရာ အတာသင်္ကြန် သံချပ်များမှ နှစ်သက်ရာ သီချင်းများကို သံချပ်ထိုးကာ နအဖ အစိုးရ၏ ချို့ယွင်းချက်များကို ဝေဖန်ခဲ့ကြသည်။


March 26, 2008

နအဖ ဉာဏ်ကြီးရှင်တို့၏ အလွန်တရာ ဟာသမြောက်သော တီထွင်ကြိုးပမ်းမှု




စင်္ကာပူတွင် သင်္ကြန်အကြို ထပ်မံကပြဖျော်ဖြေမည့်
သီးလေးသီးဆေးရောင်စုံအငြိမ့် ကြော်ငြာပိုစတာ


ရန်ကုန်မှာ မသင်္ကာဖွယ် သံဃာတုများပေါ်နေ



ရန်ကုန်မြို့ထဲတွင် ယခု မသင်္ကာဖွယ် သံဃာအတုများ အများကြီး တွေ့ရလျက် ရှိသည်။ ထိုသံဃာတုများသည် ရဟန်းဝိနည်းနှင့် ဆန့်ကျင်၍ လမ်းသွားလမ်းလာ များကို သူတောင်းစားသဖွယ် ပိုက်ဆံတောင်းခြင်း၊ လူအများ မြင်ကွင်းတွင် မိုက်မိုက်ရိုင်းရိုင်း ပြောဆိုရန်လုပ်ခြင်းများ လုပ်ကြသည်။

မတ်လ၁၅ ရက်နေ့ နေ့လယ် ၁:၃၀ လောက်က ဆိပ်ကမ်းသာလမ်း အပေါ် ဘလောက်မှာ သံဃာအတုတစ်ပါးနှင့် လူထု ပြဿနာ တက်သွားခဲ့သည်။ ထိုသံဃာတုက ပိုက်ဆံတောင်းတာ မိန်းကလေးများကိုသာ တောင်းသည်။ တောင်းတာကို အနည်းဆုံးငွေ ၂၀၀ ကျပ်လောက်ပေးဖို့ ပြောကြားသည်။ အနည်းဆုံး ၂၀၀ ကျပ်မပေးတဲ့သူဆိုလျှင် ပေးတာနည်းတယ်ဆိုပြီး ငွေပေးတဲ့လက်ကိုရိုက်ပြီး မိုက်မိုက်ရိုင်းရိုင်းများ ဆဲဆိုသည်။ လူတွေကတော့ သင်္ကန်းနဲ့ဆိုတော့ ဘာမှမပြောဘဲ ရှောင်ရှောင်သွားခဲ့ကြသည်။

ထိုအချိန်တွင် ကျုရှင်ကပြန်လာသည့် မိန်းကလေးတစ်ယောက်ကို သံဃာတုက ပိုက်ဆံတောင်းသည်။ လူများက ဘာများဖြစ်မလဲဟု ၀ိုင်းကြည့်နေကြရာ မိန်းကလေးက ငွေ ၅၀ တန်လေးတစ်ရွက်ကို လှူပေးသည်။ ထိုခါ သံဃာတုက မိန်းကလေးလက်ကို ရိုက်လိုက်တာ မိန်းကလေးကိုင်ထားသည့် စာအုပ်ဖိုင်လေး က အောက်ကိုကျပြီး မိန်းကလေးက ငိုမဲ့မဲ့လေး ဖြစ်သွားသည်။

အဲဒီအချိန်မှာ မိန်းကလေးကို လာကြိုသည့် ကောင်လေးတစ်ယောက် ရောက်လာပြီး “ဘာဖြစ်တာလဲ”လို့မေးတာကို သံဃာတုက ကောင်လေးကို ဆဲဆိုပြီး ထိုးကြိတ်မည် လုပ်နေ၍ ကောင်လေးသူငယ်ချင်းတွေပါ ရောက်လာပြီး ထိုးကြိတ်မည့် အခြေအနေထိ ဖြစ်ကုန်ခဲ့သည်။ ဘေးကလူကြီးတွေက ၀ိုင်းပြော၍ ဘာမှမဖြစ်ခဲ့ပါ။




မျိုးဆက်သစ် လူငယ်များအစည်းအရုံး (Generation Wave) မှ စီစဉ်ဖြန့်ချိသည့်
ဒုတိယ သီချင်းသစ်
“ဒီရင်ထဲက ကမ္ဘာမကြေ”
နားဆင်လိုသူများ ဤနေရာကို နှိပ်ပါ










ကရင်အဖွဲ့များကို ထိုင်းအာဏာပိုင်များ ပစ်မှတ်ထား


ချင်း မိုင်။ ။ ထိုင်း လုံခြုံရေး တပ်ဖွဲ့ဝင်များက နယ်စပ် အခြေစိုက် ကရင်လူမှု အထောက်အကူပြု အဖွဲ့အစည်းတွင် ရှောင်တခင် ရှာဖွေ စစ်ဆေးမှုများ ယနေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

ထိုင်း-မြန်မာနယ်စပ်ရှိ ဒီမိုကရေစီ လိုလားသော အစိုးရ မဟုတ်သော အဖွဲ့အစည်းများနှင့် ကရင်ခေါင်းဆောင်အချို့၏ နေအိမ်များကိုပါ ထိုင်းစစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များက အဖွဲ့များ ခွဲ၍ အင်္ဂါနေ့နံနက် ၆ နာရီခန့်က စတင်ရှာကြခြင်း ဖြစ်သည်။

“ဒီမနက်အတွက် ၁၂ နေရာကို သူတို့ ဝင်သွားတယ်။ နောက်တခုက တခြားအဖွဲ့တွေကိုတော့ မလုပ်သေးဘူး။ ဒီဟာ ပထမခြေလှမ်းလို့ မြင်တယ်။ နောက်ပိုင်းတော့ ဘယ်လို ဖြစ်လာမလဲတော့ မသိဘူး။ ကျမတို့ သိသလောက်ဆိုရင် လက်နက်ကို အဓိက ထားပြီးတော့ ရှာတာပေါ့နော်” ဟု မဲဆောက် အခြေစိုက် ကရင်သတင်းစဉ် အယ်ဒီတာ နော်ခိုင်မာကျော်ဇောက မဇ္ဈိမကို ပြောသည်။

လွန်ခဲ့သည့် ရက်အနည်းငယ်ကပင် ကောလာဟလ ပြန့်နေသည့် ထိုင်း၏ စစ်ဆေးရေးနှင့် ပတ်သက်၍ အများက မျှော်လင့်ထားခြင်း မရှိခဲ့ပေ။ ကရင်အမျိုးသား အစည်းအရုံးနှင့် ပတ်သက်သူများ၏ အမည်၊ လိပ်စာ၊ ဓာတ်ပုံများပါ ထိုင်းလုံခြုံရေး တပ်ဖွဲ့များက ယူဆောင်လာပြီး ရှာဖွေခဲ့သည်။

ပြည်တွင်း ကရင်ရွှေ့ပြောင်း ဒုက္ခသည်များအတွက် ကော်မတီမှ စောလှဟင်နရီက “ဝင်မယ်လို့တော့ ကြားတယ် ။ အခုတော့ မဝင်သေးဘူး။ ကျနော်တို့လည်း ဥပဒေနဲ့ ဆန့်ကျင်တဲ့ လုပ်ငန်းတွေ လုပ်ထားတာ မရှိတဲ့ အခါကျတော့ ကျနော်တို့က ဒီအတိုင်းပဲ နေကြတာပေါ့လေ။ ရှောင်ပြေးတာတွေတော့ မလုပ်ဘူး။ ဒီအတိုင်းပဲ နေကြတယ်” ဟု ပြောသည်။

ကရင်အမျိုးသား ခေါင်းဆောင် ပဒိုမန်းရှာလားဖန်းကို လူသတ်သမားများက နေအိမ်တွင် သေနတ်နှင့် လာရောက် ပစ်သတ်မှု ဖြစ်ပွားပြီးနောက် လုံခြုံရေး တင်းကျပ်မှုများ လုပ်လာခြင်း ဖြစ်သည်။

ကေအန်ယူ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ပဒိုလှငွေ က “ပဒိုမန်းရှာ သေပြီးတဲ့ နောက်ပိုင်း သူတို့က ဒီလို ဖြစ်စဉ်မျိုးကို မဖြစ်စေချင်သဘောနဲ့ လိုက်ပြီးတော့၊ ကျနော်တို့ နေနိုင်တဲ့ နေရာတွေကို လိုက်အရောင်ပြပြီးတော့ တွေ့တယ်ဆိုလို့ ရှိရင် ခင်ဗျားတို့မှာ လက်မှတ်ရှိလား၊ မရှိရင်လည်း ဒီလို မနေသင့်ဘူး ပြောတဲ့အခါကျတော့ ကျနော်တို့ကလည်း ပြဿနာမဖြစ်ဘူး။ ပြောလို့ မရဘူးလေ ကိုယ့်ဘာသာပဲ ကြည့်ရှောင်ဖို့ပဲ ရှိတာပေါ့။ အဲဒီလိုမျိုးနဲ့ ပတ်သက်တယ်လို့ ကျနော်ကတော့ ယူဆတာပဲလေ” ဟု ပြောသည်။

သို့သော်လည်း ထိုင်းက တင်းကျပ်မှုများ ပြုလုပ်လာခြင်း၏ နောက်ကွယ်တွင် မြန်မာစစ်အစိုးရ ပါဝင် ပတ်သက်မှု ရှိသည်ဆိုသော သံသယများလည်း ရှိနေသည်။

နော်ခိုင်မာကျော်ဇောက “မြန်မာအစိုးရ ကနေပြီးတော့ ထိုင်းအစိုးရကို ဖိအားပေးတယ်လို့ မြင်တယ်။ ဘာကြောင့်လဲဆိုတော့ ဒီအဖွဲ့အစည်းတွေက ထိုင်းမှာ အခြေချပြီးတော့ သူတို့ကို ပြန်ပြီးတော့ ခုခံ တော်လှန်နေတာ ဖြစ်တယ်။ ဒါကြောင့်မို့ ခင်ဗျားတို့အနေနဲ့ ဒီ အင်အားစုတွေကို လက်ခံထားလို့ မသင့်ဘူးဆိုတော့ သဘောထားတွေ ရှိတယ်။ နောက်တခုကလည်း ထိုင်းအနေနဲ့က မြန်မာအစိုးရရဲ့ ငြိုငြင်မှုကို မလိုချင်ဘူး။ မလိုချင်တော့ ဒီအဖွဲ့အစည်းကို သူတို့ ဒါမျိုး ဖိအားပေးတယ် ဆိုတာကို ပြချင်လို့ပဲ ထင်တယ်” ဟု ပြောသည်။


March 25, 2008

နအဖ ခိုင်းဖတ် ထိုင်းအစိုးရသစ်၏ လုပ်ရပ်


ထိုင်းဝန်ကြီးချုပ်အသစ် မြန်မာပြည်ကပြန်လာအပြီး မဲဆောက်တွင် အတိုက်အခံ တော်လှန်ရေးအင်အားစုများ ၏ ရုံးများအား ထိုင်း စစ်တပ်နဲ့ရဲမှဝိုင်းကာဝင်ရောက်မွှေနှောက်ရှာဖွေ လျက်ရှိတယ်လို့ သိရပါတယ်။ ထိုင်းအစိုး ရအဖွဲ သစ်နဲ့  နအဖကြား ပထမဆုံး အကြိမ်တွေ့ ဆုံမှု နောက်ကွယ်မှာ ဘယ်လို သဘောတူညီချက်တွေ ရှိမယ်ဆိုတာ အတိအကျထုတ်ပြန်ကြေငြာ ထားခြင်းမရှိပေမဲ့ ဒီကနေ့  ထိုင်း အစိုးရရဲ့ လှုပ်ရှားမှုက တော့ ထိုင်းအစိုးရသစ်ဟာ နအဖရဲ့ အကျိုးစီးပွားကို တတ်နိုင်သလောက် အကာအကွယ်ပေးသွား မယ်ဆိုတာ တွက်ချက်လို့ ရနိုင်ပါတယ်။ဒါအပြင် ထိုင်းအစိုးရသစ်ဟာ နအဖ သက်စိုးရှည်ရေး အတွက် အတိုက်အခံ အဖွဲစည်းများကိုသာ မက အမေရိကန်နဲ့  ယူအန်လို မြန်မာဒီမိုကရေစီ အရေးအထွက် ထောက်ခံနေတဲ့ နိုင်ငံတကာ အဖွဲအစည်းများ၊ တိုင်းပြည်များကို ပါ လှန်ကိုက်နေပြီဖြစ်တယ်လို့ လဲ ကောက်ချက်ချနိုင်ပါတယ်။
ဥတ္တရအောင်
(မျိုးချစ်ဒီမိုကရက်တစ် တပ်ပေါင်းစု)


မြန်မာနိုင်ငံရှေ့နေများကောင်စီ၏ ထုတ်ပြန်ကြေညာချက်








ဘယ်သူ့ကြောင့်လဲ


မြန်မာပြည်ရဲ့ နိုင်ငံရေးအပြောင်းအလဲများနဲ့ ပတ်သက်လို့ ဆန်းစစ်ကြ၊ ဝေဖန်ကြ၊ သုံးသပ်ကြ၊ ထောက်ပြကြတာတွေ ဒီရက်ပိုင်း အတွင်းမှာ တွေ့ရ ဖတ်ရပါတယ်။ မိမိရဲ့ အမြင်တွေကို မိမိရှု့ထောင့်ကနေ အဲသလိုတင်ပြကြတာ တင်ပြခွင့် ရှိပါတယ်။ ဒါဟာ လူတိုင်းမှာ ရှိတဲ့အခွင့်အရေးပါ။ မိမိအတွေးအမြင်ကို လွတ်လပ်စွာတင် ပြထုတ်ဖေါ် ပြောဆိုခြင်း ဆိုတာ ဒီမိုကရေစီမှာ အရေးကြီးပါတယ်။

ဒီနေရာမှာ အကြံပြုလိုတာ တခုရှိပါတယ်။ ဒါကဘာလဲ ဆိုတော့ နိုင်ငံတခုရဲ့ အခြေအနေအရပ်ရပ်ကို တင်ပြတယ် ဆိုတော့ သက်ဆိုင်တဲ့ အခြေအနေအရပ်ရပ် အားလုံးကို ထည့်သွင်း တွက်ချက် တင်ပြနိုင်ဖို့လည်း လိုပါတယ်။ ကိုယ်လိုတဲ့ အချက်လေး တွေကိုပဲ ထည့်သွင်းထောက်ပြတင်ပြခြင်းဟာ မပြည့်စုံတဲ့ ခွဲခြမ်းစိတ်ဖြာ လေ့လာတာမျိုး ဖြစ်နေ တတ်ပါတယ်။ ဒီကြားထဲမှာ ဘက်လိုက်ပြီး ဝေဖန်တင်ပြတာမျိုး တွေလည်းရှိပါတယ်။ ဘက်မလိုက်တဲ့ ဝေဖန်ဆန်းစစ်မှု တွေတောင် အထက်က တင်ပြ သလို တစုံလုံးကို ခြုံငုံပြီးမှ မတင်ပြရင် ထွက်လာတဲ့ လေ့လာဆန်းစစ်မှုဟာ တဖက်ဖက်ကို ဘက်လိုက် သလို ဖြစ်နေတတ်ပါ တယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကထွက်လာတဲ့ စာရေးသူ (ဦး) ကျော်ဝင်းရဲ့ စာတမ်းကို ဘလော့တွေကနေတဆင့် ဖတ်ရပါတယ်။ ဦးကျော် ၀င်း ဟာ မြန်မာနိုင်ငံမှာ နာမည်ကြီးတဲ့ စာရေးသူတဦးဖြစ်ပါတယ်။ ပြောရမယ်ဆိုရင် စာရေးသူဟာ သူ့စာများကြောင့် ၀ိတ်ရှိသူ၊ ၀ိတ်ကြီးသူတဦး ဖြစ်ပါတယ်။ သို့သော်လည်း သူ့ရဲ့စာတမ်းကို လေ့လာကြည့်တော့ စာရေးသူဟာ သူလိုတဲ့ အချက်အလက်တွေကိုသာ အဓိကထားဖေါ်ပြထားပြီး ထည့်သွင်းစဉ်းစားတွက်ချက်ရမဲ့ အခြားအချက်တွေကို လှစ်လျူရှု့ ထားခဲ့တာကို တွေ့ရပါတယ်။

စာတန်းရှင် ကျော်ဝင်းရဲ့ ကောက်ချက်တွေကို ပြန်ကြည့်လိုက်ရင် မြန်မာပြည်မှာ ဒီမိုကရေစီအပြောင်းအလဲ တစ်ဆို့ နှောင့်နှေး နေတာ အတိုက်ခံများကြောင့်လို့ စွပ်စွဲထားသလို ဖြစ်နေပါတယ်။ အတိုက်ခံတွေ ညံ့ဖျင်းတယ်လို့ တိုက် ရိုက်ပြောထားတဲ့ စာတမ်းတခုဖြစ်နေပါတယ်။ အတိုက်ခံအုပ်စုတွေ ပါတီတွေမှာ အားနည်းချက် ရှိနေတယ်။ အားနည်းနေတဲ့ အချက်တွေက ဘာတွေဘာတွေဖြစ်တယ် ဆိုတာကို စနစ်တကျ ထောက်ပြဖို့သင့်ပါတယ်။ အခုတော့ အဲသလို မဟုတ်ဘဲ ၀ါးလုံးရှည်နဲ့ သိမ်းရမ်းသလို တင်ပြထားကို တွေ့ရပါတယ်။ စစ်တပ်က တသက်လုံးလုပ်လာခဲ့တဲ့ အချင်းအရာ တွေကိုတော့ သဘော လောက်သာ ပြောထားပြီး ပိုအရေးကြီးတဲ့ တင်ပြရမဲ့ အချက်တွေကိုတော့ မတင်ပြဘဲ ချန်လှပ်ထားခဲ့ပါတယ်။ စစ်တပ်က ကမ်းလှမ်းလာရဲ့သားနဲ့ အတိုက်ခံတွေက တလျောက်လုံး ငြင်းဆန် ပုတ်ချခဲ့တယ် လို့ သူရဲ့စာတမ်းက အဓိပ္ပါယ် သက်ရောက် နေပါတယ်။

မြန်မာနိုင်ငံ ဒီမိုကရေစီ အပြောင်းအလဲနဲ့ ဝေးနေသေးတယ် ဆိုတာ အတိုက်ခံများ စစ်တပ်နဲ့ အပေးအယူ မလုပ်တတ်လို့ ဖြစ်ရတာမဟုတ်ပါ။ ဒီတချက်တည်းနဲ့ ကောက်ချက်ခြတဲ့ အတွက် သူရဲ့စာတမ်းဟာ မပြည့်စုံတဲ့အပြင် တန်ဖိုးလည်း နည်းသွား ရပါတယ်။

ထည့်သွင်းစဉ်းစားရမဲ့ အချက်တွေထဲမှာ အတိုက်ခံတွေ စစ်တပ်နဲ့ အပေးအယူမလုပ်တတ်လို့ ဆိုပြီးတင်ပြတာ တချက်တည်း မဟုတ်ဘဲ တလျောက်လုံးဖြစ်တည်လာခဲ့တဲ့ တခြားအခြေအနေတွေကိုလည်း ထည့်သွင်းစဉ်းစားပြော ဆိုဖို့ အထူးလိုပါတယ်။

ပြန်ကြည်လိုက်ရင် တွေ့လာခဲ့ရတဲ့ ထည့်သွင်းတွက်ချက်ရမဲ့ အခြေအနေအဖုံဖုံက

၁။ စစ်တပ်ဟာ မြေပေါ်အတိုက်ခံတွေ အားနည်းချိနဲ့သွားအောင်လုပ်လာခဲ့တာ ၁၉၆၂ စစ်အာဏာသိမ်းပြီး ကတည်းက ဖြစ်ပါ တယ်။ အာဏာဟာ သေနတ်ပြောင်းဝကလာတယ် ဆိုတဲ့ မူကိုဆုတ်ကိုင်ထားနိုင်ဖို့ အခွင့်အလမ်းရှိ ထားပါတယ်။ အတိုက်ခံ တွေ ဘာမှလုပ်မရအောင် ဖန်တီးထားကိုလည်း ထည့်တွက်ဖို့ လိုပါလိမ့်မယ်။ သေးသေးမွှားမွှား လုပ်နေတာ ကိုတောင် ဖမ်း နေတဲ့ အခြေအနေမျိုးကို အတိုက်ခံတွေ ပြည်တွင်းမှာ ရင်ဆိုင်နေရတာ အားလုံးသိပါတယ်။

၂။ ၁၉၆၂ ကတည်း ပညာရေးစနစ် ပျက်စီးယိုယွင်းလာခြင်း။ ဒီမိုကရေစီ လူ့အဖွဲ့အစည်း အတွက်လိုအပ်တဲ့ အတွေးအမြင် အယူအဆများကို ပညာရေးစနစ်အတွင်းမှာ မျိုးဆက်သစ်များအတွက် ပြဌာန်းလေ့လာခွင့် မပေးထားခြင်း။ အခုဆို (၄၆) နှစ် တိုင်လာပါပြီ။

၃။ စာပေ၊ အနုပညာနဲ့ သတင်းမီဒီယာ လောကမှတဆင့် လူထုဆီကို ဒီမိုကရေစီ အတွေးအမြင်များ သွယ်ဝိုက်၍ တောင် မဖြန့်ဖြူးပေးနိုင်ခြင်း။ ရက်ရက်စက်စက် ဖိနှိပ်ခံထားရလို့ ဖြစ်ပါတယ်။ စာတန်းရှင် ကျော်ဝင်းဟာ သူကိုယ်တိုင် စာရေးဆရာ တဦးဖြစ်လို့ လူတွေရဲ့ မျက်စေ့တွေ နားတွေကို ပိတ်ဆို့ထားတဲ့ အတွက်ပေါ်ပေါက်လာတဲ့ ဒီဆိုး ကျိုးတွေကို ပိုနားလည်သူ ဖြစ်ပါလိမ့်မယ်။

၎။ ၁၉၆၂ ကတည်း မြန်မာပြည်ဟာ စီးပွားရေးတစတစနဲ့ ပျက်လာခဲ့တာကိုလည်း ထည့်သွင်းစဉ်းစားဖို့လိုပါတယ်။ စီးပွားရေး ကျဆင်းလာတဲ့ ပြည်သူတွေ၊ ထမင်းငတ်နေတဲ့ ပြည်သူ၊ ပညာတပိုင်းတစ ဖြစ်ခဲ့ရတဲ့ ပြည်သူတွေဟာ ဒီမိုကရေစီ အပြောင်း အလဲရဲ့ သဘောသဘာဝ တွေကို ခေါင်းဆောင်တွေရဲ့ ဦးဆောင်မှု မပါပဲ ဘယ်လိုအပြည့်အ၀ ဆောင်ရွက်နိုင်ပါ့မလဲ။ ဒါကို သိလို့ စစ်တပ်က အရေးကြီးတဲ့ ခေါင်းဆောင်တွေကို အခုအထိ ချုပ်နှောင်ထားခြင်း ဖြစ်ပါတယ်။ အတိုက်ခံတွေကို အားနည်း အောင် လုပ်ထားခြင်းဆိုတဲ့ နံပါတ် (၁) အချက်နဲ့ အပြန်အလှန် ဆက်စပ်နေပါတယ်။

၅။ ဆင်းရဲမွဲတေမှုကြောင့် ကမ္ဘာ့အကြီးဆုံး ဒီမိုကရေစီလို့ တင်စားခံရတဲ့ အိန္ဒိယနိုင်ငံမှာတောင် ဆင်းရဲသား အများစုဟာ သူတို့ အခွင့်အရေးတွေ အတွက် နိုင်ငံရေးခေါင်းဆောင်တွေ၊ ဥပဒေအကျိုးဆောင်အဖွဲ့တွေ၊ လူ့အခွင့်အရေး အဖွဲ့ တွေကို အားကိုးနေရတုံး ဖြစ်ပါတယ်။ ဆင်းရဲမွဲတေမှုနဲ့ ခွဲခြားခံရခြင်းတို့ဟာ ဆက်စပ်နေလို့ဖြစ်ပါတယ်။ မြန်မာ့ လူ့အဖွဲ့အစည်းမှာ လူထုအားကိုးတဲ့ ခေါင်းဆောင်များ ထောင်ထဲရောက်နေတာ သတိပြုဖို့လိုပါတယ်။

၆။ မြန်မာပြည်ဟာ တိုင်းရင်းသား လူမျိုးပေါင်းစုံ နေထိုင်တဲ့ တိုင်းပြည်ဖြစ်ပါတယ်။ လွတ်လပ်ရေး ရကတည်းက ဖြစ်လာခဲ့တဲ့ အမျိုးသားရေးပြိုကွဲမှုဟာ အခုအထိ အဆုံးမသတ်နိုင်သေးပါ။ အဲဒီတော့ အမျိုးသားချင်း ပြန်လည် သင့်မြတ်ရေးကို ချန်လှပ် ထားခဲ့ပြီး ဒို့စစ်တပ်က စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီ ဖေါ်ဆောင်ပေးနေတယ်။ စကားမများနဲ့ ဒို့ပြောသလိုလုပ်ဆိုပြီး ဗိုလ်ကျ တဲ့အပြုအမူကြောင့် ၂၀၁၀ ရွေးကောက်ပွဲလုပ်ပြီးလည်း မတည်ငြိမ်မှုတွေကို မြေပေါ် မြေအောက် နယ်ပယ်တွေမှာ ဆက် လက်ရင်ဆိုင် ရမှာပါ။ တိုင်းရင်းသား လက်နက်ကိုင် (အပစ်ရပ်နှင့် အပစ်မရပ် သေးသည့်) အဖွဲ့အစည်းများအတွင်း ကိုင်စွဲ ထားသည့် လက်နက်အရေအတွက်ဟာ ရှစ်သောင်းနှင့် တသိန်းအကြားမှာ ရှိနေတယ်လို့ တချို့ကခန့်မှန်းပါတယ်။

၇။ ပထ၀ီနိုင်ငံရေးအရ မြန်မာပြည် ပတ်ပတ်လည်က နိုင်ငံတွေက အစိုးရတွေဟာ လူထုကဒီမိုကရေစီနည်းအရ ရွေးကောက် ထားတဲ့ အစိုးရများမဟုတ်ပါ။ တရုတ်၊ လာအို၊ ဗီယက်နမ်၊ မလေးရှား၊ စင်္ကာပူ၊ ဘရူနိုင်း။ အရင်ကဆိုရင် ထိုင်း၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ကမ်ဘောဒီးယား တို့လည်းပါခဲ့ပါတယ်။ မြန်မာပြည်ဟာ အဲသလို အ၀န်းအ၀ိုင်းမှာ နေလာခဲ့ရတာ နှစ်ငါးဆယ် နီးနေပါပြီ။ အဲဒီတော့ နှစ်ဆယ်ရာစု နှောင်းပိုင်းကာလများမှာ အရှေ့ဥရောပက တိုင်း ပြည်တွေမှာ ဖြစ်တည်ခဲ့တဲ့ ကတ္တီပါ တော်လှန်ရေးမျိုး မြန်မာပြည်အတွက် ရှိမလာခြင်းက ဆန်းတယ်လို့ မဆိုနိုင်ပါ။ သင်ခန်းစာယူနိုင်သည့် အချက်များမှ လွဲ၍ ထိုနိုင်ငံများနှင့် မြန်မာပြည်အခြေအနေဟာ ထပ်တူမကျနိုင်ပါ။

၈။ လွတ်လပ်ခွင့်နှင့် ပတ်သက်၍ပြောရပါ မြန်မာပြည်တွင် ဘာလွတ်လပ်ခွင့်မှ မရှိပါ။ ပြောရေးဆိုခွင့်၊ ဝေဖန်ခွင့်၊ မိမိ ဆန္ဒကို ငြိမ်းချမ်းစွာထုတ်ဖေါ်ခွင့်။ ထို့ထက်ဆိုရပါက မြေယာပိုင်ဆိုင်ခွင့်၊ ပုဂ္ဂလိကပိုင်ဆိုင်မှု အခွင့်အရေး၊ မိမိနှစ်သက်ရာ ဒေသတွင် အခြေခြနေထိုင်ခွင့်၊ မိမိနှစ်သက်ရာ အသက်မွေးဝမ်းကျောင်းခွင့်၊ လွတ်လပ်စွာ ခရီးသွားလာခွင့်၊ လွတ်လပ်စွာ ပုံနှိပ်ထုတ်ဝေ ခွင့် ဘာဆိုဘာမှ မရှိပါ။ နည်းနည်းလေး ဟပေးထားသည့် အခြေအနေတောင် မရှိပါ။ ထိုအခြေအနေများကို အနည်းငယ်မျှ တောင် ဖွင့်မပေးဘဲ ဘယ်လိုလုပ်၍ ဒီမိုကရေစီအသွင် ကူးပြောင်းမှုကို လုပ်မည်နည်း။

၉။ ထိုင်းနိုင်ငံတွင် ယခင်က စစ်အာဏာရှင်များ အကြိမ်ကြိမ် အုပ်စိုးခဲ့သည်။ ထိုသို့အုပ်စိုးနေသည့် ကာလများ အတွင်း၌ပင် ၁၉၅၇ ကတည်းက စီးပွားရေး စတင်ကောင်းလာခဲ့သည်။ ဂျီဒီပီ တနှစ်လျင် ၇% မှန်မှန်တိုးတက် လာနေသည်မှာ အဲသည့် နှစ်များကတည်းက။ သတင်းမီဒီယာများ အဲသည့်ခေတ်ကတည်းက အတော်လေး စတင်လွတ် လပ်လာခဲ့သည်။ လူတွေ ပြောရေး ဆိုခွင့်ရှိလာခဲ့သည်။ မြန်မာစစ်အစိုးရများကတော့ စီးပွားရေးကောင်းအောင်လည်း ဦးမဆောင်နိုင်၊ လွတ်လပ်မှု ကိုလည်း ဖွံ့ဖြိုးခြင်း၏ အုတ်မြစ်ဆိုသည်ကို မသိ။ သူတို့အိပ်ပျော်နေသည်မှာ နှစ်တွေမ နည်းတော့။

ပြန်ကောက်ရပါက မြန်မာပြည်တွင် ဒီမိုကရေစီ အသွင်ကူးပြောင်းမှု တစ်ဆို့နေခြင်းသည် အတိုက်ခံအဖွဲ့အစည်းများ ကြောင့် ဖြစ်ရသည်ဟု စွပ်စွဲပါက လုံးလုံးမှားသည့် ချဉ်းကပ်မှုဖြစ်ပါတယ်။ ဒီမိုကရေစီအသွင်ကူးပြောင်းရန် အတွက် အထက်တွင် တင်ပြထားသည့် လိုအပ်သည့် လက္ခဏာများ တိုင်းပြည်အတွင်း တိုးတက်ဖွံ့ဖြိုးမလာခဲ့ ခြင်းကသာ အဓိက ပြဿနာဖြစ်သည်။ ထိုလိုအပ်သော အရင်းအမြစ်ကျသော လက္ခဏာများ တိုးတက်မလာခြင်းသည် (၄၆) နှစ် ကျော် အုပ်ချုပ်နေဆဲ ဖြစ်သော စစ်တပ်အစိုးရ၏ တာဝန်သာ ဖြစ်သည်။ ဘာမှ လွတ်လပ်မှုမရှိသည့် စစ်ဖိနပ်သံခွါ အောက်တွင် တိုးတက်ဖွံ့ဖြိုး၍ ဒီမိုကရေစီ အသွင်ကူးပြောင်းသွားသော တိုင်းနိုင်ငံဟူ၍ တနိုင်ငံမှ မရှိသေးပါ။

ပါမောက္ခ အမာတရာဆန်၏ ချဉ်းကပ်မှုအရ ပြန်လည်တင်ပြရပါက တိုင်းပြည်တပြည် တိုးတက် ဖွံ့ဖြိုးဖို့အတွက် မလွတ်လပ် သည်များ (Unfreedom) ကို တချပ်ခြင်း တလွှာခြင်း အရင်ဖွင့်လှစ်သွားဖို့ လိုသည်ဟု ဆိုထားပါတယ်။ ဘာတခုမှ မလွတ် သည့် အခြေအနေအောက်တွင် ဒီမိုကရေစီလည်းဖြစ်မလာပါ။ ဆင်းရဲတွင်းကလည်း လွတ်အောင် မရုန်းနိုင်ပါ။ အုပ်ချုပ်သည့် လူတန်းစားက ဒီသဘောကို နားလည်သည့် လူမျိုးတွေ ဖြစ်ဖို့လိုပါတယ်။ မြန်မာပြည်တွင် လွတ်လပ်ခြင်းတံခါးများကို အုပ်ချုပ်သူများက တချပ်ခြင်းတလွှာခြင်း စတင်ဖွင့်လှစ်နေပလား ဆိုတာကို ပြန်ကြည့်တော့လည်း တံခါးများအားလုံး ပိတ် ထားဆဲ။ မြန်မာပြည်ရှိ ဗိုလ်ချုပ်များ၌ တိုးတက်ဖို့အတွက် လွတ်လပ်မှု လိုတယ်ဆိုတာကို လက်မခံသော သူတွေကအများစု ဖြစ်နေပါတယ်။ ဒါကြောင့် စစ်အစိုးရ၏ စီးပွားရေးစနစ်ကို ဝေဖန် ထောက်ပြခဲ့သော ဗိုလ်ချုပ်ဇော်ထွန်းသည်ပင် ပြုတ်သွား ခဲ့တာ မှတ်မိကြဦးမှာပါ။

တံခါးများကို ပိတ်ထားသ၍ တိုက်ပွဲများကတော့ ရှိနေဦးမှာ မလွဲပါ။ တိုက်ပွဲဝင်သူများမှာ အပြစ်ရှိသည်၊ မပါးနပ်၊ နည်းနာ မကျွမ်းကျင်ဟု စာတန်းရှင်ကျော်ဝင်းလို စွပ်စွဲမည့်သူများ ပေါ်လာတာကိုလည်း တွေ့ရဦးမှာပါ။ ဖြစ်နိုင်ပါက မြန်မာပြည်သူ တွေလည်း အရှေ့ဥရောက နိုင်ငံတွေလို ချောမွေ့စွာ အသွင်ကူးပြောင်းခြင်းကို လိုလားမှာ အမှန်ဖြစ် ပါတယ်။ သို့သော် အုပ်စိုးသူ တွေကိုယ်တိုင်က စကားပြောလိုစိတ် မရှိသရွေ့ တိုက်ပွဲတွေက နေရာအနှံ့မှ ပုံစံမျိုး စုံဖြင့် ၀ီခေါ်၍ လာနေဦးမှာပင်။



နအဖ ဆန္ဒခံယူပွဲ သို့ ကန့်ကွက်မဲ သွားပေးစို့






ကြက်မိုက်


ကြက် တကာ့ ထိပ်ပြောင်
ကြက်ငကြောင်တွေထဲမှာ
အရေမရ အဖတ်မရ....
ဥစားမရ အသားစားမကျ
ဠင်းတနဲ့ တူသယောင်ယောင်
တိုက်ကြက်ဖ တစ်ကောင်ပေါ့...။


နိုင်ငံတကာ ဈေးကွက်မှာ
ဥစားကြက် အသားစားကြက်
မျိုးပွားမြင့်တက်...
ရောင်းဝယ်ရေးအတွက်...
နေရာဖြန့်ကျက်ယူထားသလောက်...
မြန်မာပြည်လူမိုက်
လောင်းကစားသမားလောက်သာကြိုက်တဲ့
ဝဋ်ကြွေးကြီးတဲ့ တိုက်ကြက်ဖ
လူမိုက်တွေ မြှောက်ပေးသမျှ
အနာခံ အသေခံ အခွပ်ခံ
ကိုယ်ပိုင်ဥာဏ်မရှိ
အာငွေ့ပေးပြီး ဖင်ကလေး လေမှုတ်
ခေါင်းကလေး လေမှုတ်ရင်
ဟောဒီ ကမ္ဘာတစ်ခွင်
ငါ့လိုကြက်ပင်ရှိရဲ့လားအထင်ရောက်
သေမလောက်ခွပ်ခဲ့ပေမယ့်
အတက်လည်းတုံး မွှေးကတုံးနဲ့
သောက်သုံးမကျ ခွပ်လက်ကျပြီဆိုမှဖြင့်
ခြေစုံကိုင်ဆွဲ လေဟုန်ဝဲပြီး
တိုင်နဲ့လဲ ကိုင်ရိုက်မလား
မြေကြီးနဲ့လဲ ညားမလား
စဉ်းစားချိန်တောင်မရ
တိုက်ကြက်ဖတော့...
အ၀ီစိသာ ကြွလေသတည်း....။

စစ်ဟိန်း