ကြက်မိုက်
ကြက် တကာ့ ထိပ်ပြောင်
ကြက်ငကြောင်တွေထဲမှာ
အရေမရ အဖတ်မရ....
ဥစားမရ အသားစားမကျ
ဠင်းတနဲ့ တူသယောင်ယောင်
တိုက်ကြက်ဖ တစ်ကောင်ပေါ့...။
နိုင်ငံတကာ ဈေးကွက်မှာ
ဥစားကြက် အသားစားကြက်
မျိုးပွားမြင့်တက်...
ရောင်းဝယ်ရေးအတွက်...
နေရာဖြန့်ကျက်ယူထားသလောက်...
မြန်မာပြည်လူမိုက်
လောင်းကစားသမားလောက်သာကြိုက်တဲ့
ဝဋ်ကြွေးကြီးတဲ့ တိုက်ကြက်ဖ
လူမိုက်တွေ မြှောက်ပေးသမျှ
အနာခံ အသေခံ အခွပ်ခံ
ကိုယ်ပိုင်ဥာဏ်မရှိ
အာငွေ့ပေးပြီး ဖင်ကလေး လေမှုတ်
ခေါင်းကလေး လေမှုတ်ရင်
ဟောဒီ ကမ္ဘာတစ်ခွင်
ငါ့လိုကြက်ပင်ရှိရဲ့လားအထင်ရောက်
သေမလောက်ခွပ်ခဲ့ပေမယ့်
အတက်လည်းတုံး မွှေးကတုံးနဲ့
သောက်သုံးမကျ ခွပ်လက်ကျပြီဆိုမှဖြင့်
ခြေစုံကိုင်ဆွဲ လေဟုန်ဝဲပြီး
တိုင်နဲ့လဲ ကိုင်ရိုက်မလား
မြေကြီးနဲ့လဲ ညားမလား
စဉ်းစားချိန်တောင်မရ
တိုက်ကြက်ဖတော့...
အ၀ီစိသာ ကြွလေသတည်း....။
စစ်ဟိန်း
No comments:
Post a Comment