March 24, 2008

ထိုင်းအလုပ်ရှင်များက မြန်မာအလုပ်သမား ၃ဦးအား ရိုက်နှက်၊ မြန်မာ အလုပ်သမား(၈၀)အား အလုပ်ဖြုတ်ပစ်ခဲ့


ထိုင်းအလုပ်ရှင် ၃ဦးက မြန်မာအလုပ်သမား ၃ဦးအား ရိုက်နှက်ပြီး အခြားမြန်မာ အလုပ်သမား ၈၀အား မတရားအလုပ်ဖြုတ်ပစ်ခဲ့ကြောင်း မတ်လ ၁၉ရက်နေ့ တွင် ဟစ်တိုင်မှ ကွင်းဆင်း သတင်းရရှိသည်၊

ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့တောင်ဘက်ရှိ ဖုတ်ဖရမြို့နယ်၊ ၃၅ကီလိုမီတာ ကျေးရွာ၊ နှင်းဆီခြံမှ နှင်းဆီပန်းနှင့်အခြားစိုက်ပျိုးရေး လုပ်ငန်းများကို လုပ်ကိုင်ကြသော မြန်မာအလုပ်သမား(၈၀)ယောက်တို့သည် မတ်လ(၁၇)ရက်နေ့က မူလလုပ်အားခ တရက်(၇၀) ဘတ်ကို (၁၀)ဘတ်တိုးပေးရန် တောင်းဆိုခဲ့ကြသည်။ မတ်လ ၁၈ရက်နေ့ ည(၇း၀၀) နာရီအချိန်တွင် အလုပ်ရှင်က လုပ်အားခ(၁၀)ဘတ် တိုးပေးရန်သ ဘောတူခဲ့ပြီး တယောက်လျှင်(၈၀)ဘတ် နှုန်းဖြင့်လုပ်အားခရှင်းပေးခဲ့သည်။ ထိုသို့လုပ်အားခ(၈၀)ဘတ် ရှင်းပေးပြီးချိန်တွင် လုပ်အားခတိုးတောင်းသူများထဲမှ ဦးဆောင်သူဟု ယူဆသော ဇော်လင်းဦး၊ ဆန်းဝင်းနိုင်၊ အညာသား၊ ကိုလှိုင်စသည်တို့အား အလုပ်ဖြုတ်လိုက်ကြောင်း ကျေညာလိုက်သည်။ ထိုသို့ကျေညာသည်ကို အခြားဘ၀တူအလုပ်သမား (၈၀)ခန့်မှ မကျေနပ်ကြဘဲ မိမိတို့ကိုပါ အလုပ်ဖြုတ်ပစ်နိုင်ကြောင်း အလုပ်ရှင်အား တုံ့ပြန်ပြောကြားခဲ့ သည်။

ဤဖြစ်ရပ်များနှင့်ပတ်သက်၍ အရိုက်အနှက်ခံခဲ့ရသူ ဆန်းဝင်းနိုင်က “ကျနော်က ဆန်းဝင်းနိုင်၊ အသက်၂၂နှစ်၊ အဖဦးတင်ဝင်း၊ အမိဒေါ်ခင်ညိုဝင်း၊ ပဲခူးတိုင်း ညောင်လေး ပင်မြို့နယ်က၊ ဒီမှာလုပ်သက် ၅လရှိပြီ။ သူဌေးက ကျနော်တို့ ၄ယောက်ကို အလုပ် ဖြုတ်ကြောင်းကျေညာတယ်။ ဒါကို လုပ်ဖော်ကိုင်ဖက်တွေက ပြန်ခန့်ပါလို့ ပြောပေးကြ တယ်။ မရဘူး။ ဒါကြောင့်အားလုံးထွက်မယ်ဆိုပြီး ထွက်လာကြတော့ သူဌေးက လာအုံးဆိုပြီး ခေါ်တယ်။ ကျနော်တို့ ၄ယောက်ကိုခေါ်တယ်။ ကျနော်တို့ထဲက ဇော်လင်းဦး က အ၀တ်အစားပြန်ယူလို့ လွတ်သွားတယ်။ သူဌေးနဲ့ အခြားသူဌေးတွေက သေနတ်နဲ့ ချိန် တယ်။ ရိုက်တာက ၃ယောက်၊ အရိုက်ခံရတာက ကျနော်တို့ ၃ယောက် (ကိုအညာသား၊ ကိုလှိုင်နဲ့ ကျနော်)ဖြစ်ပါတယ်။ သူဌေးမကြီးက လက်ထဲမှာဓါးကိုင်ထားတယ်။ အားလုံးကကြောက်နေကြတယ်။ ကျနော်တို့ကို ပိတ်ကန်တယ်။ ဒုတ်နဲ့ရိုက်တယ်။ အလူးအလဲခံရတယ်။ ဒီနေ့မနက်(၉း၀၀)နာရီလောက်မှာ ဖြစ်ပါတယ်။” ဟု ရှင်းပြသည်။




ဟစ်တိုင်သတင်းထောက်သည် ဖုတ်ဖရမြို့နယ်ရှိ ရဲစခန်းသို့ လည်းကောင်း၊ ဆေးရုံကြီးသို့လည်းကောင်း ကွင်းဆင်းလေ့လာချက်များအရ အညာသား (၂၉နှစ်၊ အဖဦးသောင်းကြည်၊ အမိဒေါ်ညွန့်ကြည်၊ လုပ်သက် ၆လ၊ မကွေးတိုင်း ပွင့်ဖြူမြို့ နယ်) သည် ဦးခေါင်းနောက်စိဒဏ်ရာ၊ ညာဘက်ခြေထောက်ဒဏ်ရာကို ခံစားနေရပြီး ကိုလှိုင်(၂၀နှစ်၊ အဖ ဦးဝင်း၊ အမိ ဒေါ်တင်၊ သာကေတမြို့နယ် ရန်ကုန်၊ လုပ်သက် ၆လ) သည် မျက်လုံးနှစ်ဖက် ဖူးယောင်နေကာ နှာခေါင်းဒဏ်ရာဖြင့် အညိုအမဲစွဲလျက်ရှိသည်ကို တွေ့ရသည်။ ဤအမှုကို ထိုင်းရှေ့နေများကောင်စီ ဥပဒေအထောက်အကူပြုဌာန (အယ်လ်အယ်လ်စီ)မှ ဦးဆောင်ပြီး မြန်မာပြည်သူများ အရေး ပူးတွဲလှုပ်ရှားမှုကော်မတီ (ဂျေအေစီဘီအေ)၊ မြန်မာနိုင်ငံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (အက်ဖ်တီယူဘီ)၊ မြန်မာနိုင်ငံ ရှေ့နေများကောင်စီ (ဘီအယ်လ်စီ)တို့မှ ကွင်းဆင်းကူညီခဲ့ခြင်းဖြစ်သည်။ ယနေ့ညနေပိုင်းတွင်ပင် ဆေးကုသပြီးစီးသော ဒဏ်ရာရ အလုပ်သမား ၃ဦးအား လုံခြုံစိတ်ချရသော နေရာတခုသို့ ပို့ဆောင်ပြီး ထိုင်းနှင့်မြန်မာအ ကျိုးဆောင်အဖွဲ့များမှ ထိုင်းဥပဒေလမ်းကြောင်းအတိုင်း ဆောင်ရွက်သွားရန် ရှိပါကြောင်း သိရသည်။

ထိုင်း-မြန်မာနယ်စပ်ရှိ ဖုတ်ဖရမြို့နယ်တွင် (သီးပင် စားပင်နှင့် ပန်း)စိုက်ပျိုးရေး လုပ်ငန်းများကို အဓိကထားလုပ်ကိုင်လျက်ရှိကြပြီး အလုပ်ရှင်များမှာ ဒေသခံ မုံး(ခေါ်) မျှော့လူမျိုးများ ဖြစ်ကြကာ လယ်ကူလီ(ခေါ်) စိုက်ပျိုးရေးအလုပ်သမားများမှာ မြန်မာ ပြည်သားများဖြစ်ကြသည်။ အလုပ်ရှင်မုံးလူမျိုးများကို မြန်မာအလုပ်သမားများက (၁) အိမ်နေရာပေးထားခြင်း၊ (၂) နေ့စားခ ၆၀-၇၀ဘတ်ပေးထားခြင်း၊ (၃) မြန်မာပြည် ဘက်မှ ၀င်လာသောမိမိတို့၏ မိသားစုနှင့် ဆွေမျိုးများအား တနွယ်ငင်၊ တစင်ပါအလုပ်ခန့် ပေးခြင်း၊ စသည်တို့အပေါ် ကျေးဇူးရှင်များအဖြစ် သဘောထားနေကြရသည်။ ဒေသခံ မုံးလူမျိုး အလုပ်ရှင်များက သေနတ်တကိုင်ကိုင်နှင့် ခြိုမ်းခြောက် အကျပ်ကိုင်မှု၊ ရာဘ(ခေါ်) မူးယစ်ဆေးတိုက်ကျွေးကာ တဖက်လှည့်ဖြင့် ထိန်းသိမ်းမှုများကို နိစ္စဓူဝ ခံနေကြရကြောင်း စုံစမ်း သိရှိရသည်။ ယခုဖြစ်ရပ် ပေါ်ပေါက်ရာ ၃၅ကီလိုမီတာကျေးရွာ နှင်းဆီခြံများရှိ မြန်မာ အလုပ်သမားများမှာ မိမိတို့လုံခြုံရေးနှင့် ဘ၀ရပ်တည်ရေးတို့အတွက် ရတက်မအေး ဖြစ်နေကြကြောင်း ကာယကံရှင်များက ရင်ဖွင့်ပြောဆိုသည်။

0 ယောက်ရဲ့ အမြင်: