Showing posts with label ကရင်အဖွဲ့များကို ထိုင်းအာဏာပိုင်များ ပစ်မှတ်ထား. Show all posts
Showing posts with label ကရင်အဖွဲ့များကို ထိုင်းအာဏာပိုင်များ ပစ်မှတ်ထား. Show all posts

March 26, 2008

ကရင်အဖွဲ့များကို ထိုင်းအာဏာပိုင်များ ပစ်မှတ်ထား


ချင်း မိုင်။ ။ ထိုင်း လုံခြုံရေး တပ်ဖွဲ့ဝင်များက နယ်စပ် အခြေစိုက် ကရင်လူမှု အထောက်အကူပြု အဖွဲ့အစည်းတွင် ရှောင်တခင် ရှာဖွေ စစ်ဆေးမှုများ ယနေ့ နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

ထိုင်း-မြန်မာနယ်စပ်ရှိ ဒီမိုကရေစီ လိုလားသော အစိုးရ မဟုတ်သော အဖွဲ့အစည်းများနှင့် ကရင်ခေါင်းဆောင်အချို့၏ နေအိမ်များကိုပါ ထိုင်းစစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များက အဖွဲ့များ ခွဲ၍ အင်္ဂါနေ့နံနက် ၆ နာရီခန့်က စတင်ရှာကြခြင်း ဖြစ်သည်။

“ဒီမနက်အတွက် ၁၂ နေရာကို သူတို့ ဝင်သွားတယ်။ နောက်တခုက တခြားအဖွဲ့တွေကိုတော့ မလုပ်သေးဘူး။ ဒီဟာ ပထမခြေလှမ်းလို့ မြင်တယ်။ နောက်ပိုင်းတော့ ဘယ်လို ဖြစ်လာမလဲတော့ မသိဘူး။ ကျမတို့ သိသလောက်ဆိုရင် လက်နက်ကို အဓိက ထားပြီးတော့ ရှာတာပေါ့နော်” ဟု မဲဆောက် အခြေစိုက် ကရင်သတင်းစဉ် အယ်ဒီတာ နော်ခိုင်မာကျော်ဇောက မဇ္ဈိမကို ပြောသည်။

လွန်ခဲ့သည့် ရက်အနည်းငယ်ကပင် ကောလာဟလ ပြန့်နေသည့် ထိုင်း၏ စစ်ဆေးရေးနှင့် ပတ်သက်၍ အများက မျှော်လင့်ထားခြင်း မရှိခဲ့ပေ။ ကရင်အမျိုးသား အစည်းအရုံးနှင့် ပတ်သက်သူများ၏ အမည်၊ လိပ်စာ၊ ဓာတ်ပုံများပါ ထိုင်းလုံခြုံရေး တပ်ဖွဲ့များက ယူဆောင်လာပြီး ရှာဖွေခဲ့သည်။

ပြည်တွင်း ကရင်ရွှေ့ပြောင်း ဒုက္ခသည်များအတွက် ကော်မတီမှ စောလှဟင်နရီက “ဝင်မယ်လို့တော့ ကြားတယ် ။ အခုတော့ မဝင်သေးဘူး။ ကျနော်တို့လည်း ဥပဒေနဲ့ ဆန့်ကျင်တဲ့ လုပ်ငန်းတွေ လုပ်ထားတာ မရှိတဲ့ အခါကျတော့ ကျနော်တို့က ဒီအတိုင်းပဲ နေကြတာပေါ့လေ။ ရှောင်ပြေးတာတွေတော့ မလုပ်ဘူး။ ဒီအတိုင်းပဲ နေကြတယ်” ဟု ပြောသည်။

ကရင်အမျိုးသား ခေါင်းဆောင် ပဒိုမန်းရှာလားဖန်းကို လူသတ်သမားများက နေအိမ်တွင် သေနတ်နှင့် လာရောက် ပစ်သတ်မှု ဖြစ်ပွားပြီးနောက် လုံခြုံရေး တင်းကျပ်မှုများ လုပ်လာခြင်း ဖြစ်သည်။

ကေအန်ယူ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ပဒိုလှငွေ က “ပဒိုမန်းရှာ သေပြီးတဲ့ နောက်ပိုင်း သူတို့က ဒီလို ဖြစ်စဉ်မျိုးကို မဖြစ်စေချင်သဘောနဲ့ လိုက်ပြီးတော့၊ ကျနော်တို့ နေနိုင်တဲ့ နေရာတွေကို လိုက်အရောင်ပြပြီးတော့ တွေ့တယ်ဆိုလို့ ရှိရင် ခင်ဗျားတို့မှာ လက်မှတ်ရှိလား၊ မရှိရင်လည်း ဒီလို မနေသင့်ဘူး ပြောတဲ့အခါကျတော့ ကျနော်တို့ကလည်း ပြဿနာမဖြစ်ဘူး။ ပြောလို့ မရဘူးလေ ကိုယ့်ဘာသာပဲ ကြည့်ရှောင်ဖို့ပဲ ရှိတာပေါ့။ အဲဒီလိုမျိုးနဲ့ ပတ်သက်တယ်လို့ ကျနော်ကတော့ ယူဆတာပဲလေ” ဟု ပြောသည်။

သို့သော်လည်း ထိုင်းက တင်းကျပ်မှုများ ပြုလုပ်လာခြင်း၏ နောက်ကွယ်တွင် မြန်မာစစ်အစိုးရ ပါဝင် ပတ်သက်မှု ရှိသည်ဆိုသော သံသယများလည်း ရှိနေသည်။

နော်ခိုင်မာကျော်ဇောက “မြန်မာအစိုးရ ကနေပြီးတော့ ထိုင်းအစိုးရကို ဖိအားပေးတယ်လို့ မြင်တယ်။ ဘာကြောင့်လဲဆိုတော့ ဒီအဖွဲ့အစည်းတွေက ထိုင်းမှာ အခြေချပြီးတော့ သူတို့ကို ပြန်ပြီးတော့ ခုခံ တော်လှန်နေတာ ဖြစ်တယ်။ ဒါကြောင့်မို့ ခင်ဗျားတို့အနေနဲ့ ဒီ အင်အားစုတွေကို လက်ခံထားလို့ မသင့်ဘူးဆိုတော့ သဘောထားတွေ ရှိတယ်။ နောက်တခုကလည်း ထိုင်းအနေနဲ့က မြန်မာအစိုးရရဲ့ ငြိုငြင်မှုကို မလိုချင်ဘူး။ မလိုချင်တော့ ဒီအဖွဲ့အစည်းကို သူတို့ ဒါမျိုး ဖိအားပေးတယ် ဆိုတာကို ပြချင်လို့ပဲ ထင်တယ်” ဟု ပြောသည်။