Showing posts with label သံဃာတော်များ စာပြန်ပွဲကို သပိတ်မှောက်. Show all posts
Showing posts with label သံဃာတော်များ စာပြန်ပွဲကို သပိတ်မှောက်. Show all posts

March 25, 2008

သံဃာတော်များ စာပြန်ပွဲကို သပိတ်မှောက်



နှစ်စဉ် ကျင်းပမြဲဖြစ်သော တပေါင်းလ စာပြန်ပွဲကို စာသင်သား သံဃာများက သပိတ်မှောက်ကြသဖြင့် စာပြန်ပွဲဝင်မည့် သံဃာအရေအတွက် အများစု ဖြေဆိုမည် မဟုတ်ကြောင်း သိရသည်။

“ဦးဇင်းတွေ ပြန်သွားကြပြီ။ ကျောင်းမှာ အပါး ၂၀ လောက်ပဲ ရှိတော့တယ်”ဟု ရွှေဝါရောင်တော်လှန်ရေးပြီးနောက် ရန်ကုန် ဘုန်းကြီးကျောင်းများမှ သံဃာတော်များ နယ်ပြန်လွှတ်ခံရသည့် အခြေအနေကို ရန်ကုန် စာသင်တိုက်ကြီး တခုမှ အရှင်ခေမာသာရက မိန့်ကြားပါသည်။ “စာမေးပွဲလဲ မဖြေကြတော့ဘူး။ သပိတ်မှောက်လိုက်တယ်လေ”ဟု ဆက်လက် မိန့်ကြားသည်။

စာသင်တိုက်ကြီးများတွင် ရန်ကုန်မြို့ခံ သံဃာ အနည်းအကျဉ်းသာ ကျောင်းတွင် ကျန်ရစ်ပါသည်။ နယ်မြို့များ (အထူးသဖြင့် အထက်အညာ၊ မြေလတ်၊ မြစ်ဝကျွန်းပေါ်)မှ လာရောက် စာဝါလိုက်နေသော စာသင်သား ကိုယ်တော်များကို အာဏာပိုင်များက မူလရပ်ရွာသို့ အဓမ္မ ပြန်စေခဲ့သည်။ “ဦးဇင်းတွေ အများကြီး စာဖြေပွဲ ၀င်မှာ မဟုတ်ဘူး။ ထင်တာ ၇၀ ရာနှုန်းလောက် ရှိမယ်”ဟု ဦးဇင်းငယ်တပါးက မိန့်ကြားသည်။

အခြေပြု မူလတန်းဝင်မည့် ကိုရင်ငယ်များနှင့် ပထမငယ်တန်း၊ ပထမလတ်တန်း၊ ပထမကြီးတန်း၊ ဓမ္မာစရိယတန်း စာဖြေပွဲဝင်မည့် သံဃာများမှာ စက်တင်ဘာလ ရွှေဝါရောင် တော်လှန်ရေးတွင် ပါဝင်လှုပ်ရှားခဲ့ကြပါသည်။ ယခုအခါ စာမေးပွဲ ဖြေဆိုမည့် စာသင်သား ဦးဇင်းငယ်များ စာသင်တိုက်ကြီး များတွင် မရှိတော့သလို နယ်မှ စာစစ်ဌာနများ ရှိရာ ရန်ကုန်၊ မန္တလေး၊ ပခုက္ကူမြို့များသို့ ပြန်ရောက်လာနိုင်ရန်လည်း မလွယ်ကူကြောင်း သိရှိရပါသည်။ သံဃာတော်များက စာမေးပွဲကို သပိတ်မှောက်ရန် မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုကလည်း လှုံ့ဆော်ထားပါသည်။

“ကျမတို့ ဦးဇင်းတွေလဲ ဘယ်ရောက်နေမှန်းကို မသိတော့ဘူး။ နယ်ကြွတဲ့ ကိုယ်တော်လဲ ပြန်ကြွသွားရပြီ။ ကိုယ်တော်လေးတွေက မိဘလဲချို့ငဲ့၊ ဘာမှလဲ ပြည့်ပြည့်စုံစုံ ထောက်ပံ့ခံရတာ မဟုတ်ဘူး။ ဒါတောင် ပျော်ပျော်ကြီး ဆက်ဝတ်နေကြတာ၊ ဦးဇင်းတွေ၊ ကိုရင်တွေ ကြည့်လိုက်ရင် အမြဲတက်ကြွနေတာပဲ”ဟု ဒကာမ တဦးက ပြောပါသည်။