April 2, 2008

ပြည်ခိုင်ဖြိုး (သို့) စစ်အာဏာရှင်စနစ်၏ဒေါက်တိုင်များ


လူမှုရေးအဖွဲ့အစည်း အမည်ခံထားသည့် ကြံ့ခိုင် ဖွံ့ဖြိုးရေးအဖွဲ့၏ ရည်မှန်းချက်နှင့် လုပ်ဆောင် ချက်အမှန်ကို ပြည်သူများ သိရှိစေရန်အတွက် ပြည်ခိုင်ဖြိုး (သို့) စစ်အာဏာရှင်စနစ်၏ ဒေါက် တိုင်များအမည်ရှိ စာအုပ်ကို ဒီမိုကရေစီနှင့် ဖွံ့ဖြိုး တိုးတက်ရေးအင်အားစု (NDD) သုတေသန
နှင့် မှတ်တမ်းတင်ဌာနက ယမန်နေ့၌ ဖြန့်ချိ လိုက်သည်။

လူမှုရေးအဖွဲ့အစည်းအမည်ခံ အဆိုပါအဖွဲ့သည် စစ်အာဏာရှင်များ၏ အသုံးချခံဒေါက်တိုင်များ ဖြစ်နေသည့်အခြေအနေများအား ဖော်ပြထား သည့် အဆိုပါစာအုပ်တွင် ဓာတ်ပုံမှတ်တမ်းများ
နှင့် အခန်း (၅) ခန်းပါရှိသည်။

NDD သုတေသနနှင့် မှတ်တမ်းတင်ဌာနမှ ကြီးကြပ်ရေးမှူးဖြစ်သူ ဦးဌေးအောင်က “ဒီအဖွဲ့ရဲ့ ရည်မှန်းချက်နဲ့ လုပ်ဆောင်ချက် အစစ်အမှန်တွေကို လူထုအများစု ထဲထဲဝင်ဝင် မသိကြဘူး။ အဖွဲ့ထဲ စိတ်မပါဘဲ အသုံးချခံဖြစ်နေရတဲ့ လူတွေ၊ ကျောင်းသားကျောင်းသူ၊ ဆရာဆရာမတွေ၊ ဝန်ထမ်းတွေလည်းပဲ စစ်အာဏာရှင်တွေရဲ့ ရည်ရွယ်ချက်နောက်ကွယ်မှာ လှုပ်ရှားနေတာကို မသိကြဘူး။ အဲဒါကိုအမှန်အတိုင်း သိရှိအောင် ကျနော်တို့စုဆောင်းထားတဲ့ သတင်း၊ မှတ်တမ်း ဓာတ်ပုံအချက်အလက်တွေ၊ ပြည်တွင်းက ရရှိတဲ့ သတင်းအချက်အလက်တွေနဲ့ထောက်ပြပြီး သူတို့အနေနဲ့ မှန်မှန်ကန်ကန် ဆုံးဖြတ်နိုင်အောင် ရည်ရွယ်ထုတ်ဝေရတာဖြစ်တယ်” ဟု
ပြောသည်။

၁၉၉၃ ခုတွင် စတင်ဖွဲ့စည်းခဲ့သည့် ကြံ့ခိုင်ဖွံ့ဖြိုးရေးအဖွဲ့သည် လူမှုရေး အသင်းအဖွဲ့ဖြစ်သော်
လည်း အသင်းနာယကမှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေဖြစ်ပြီး အဖွဲ့ဝင်များမှာ ထိပ်တန်းခေါင်း ဆောင်များ၊ စစ်တိုင်းမှူးများ ပါရှိကြောင်း၊ အသင်းကို နေ့စဉ်စီမံခန့်ခွဲနေသည့် အတွင်းရေးမှူး များအဖွဲ့နှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့များတွင် လက်ရှိ နအဖဗိုလ်ချုပ်များ၊ ဒု-ဝန်ကြီးများ၊ မြို့တော်ဝန်များကို တာဝန်ပေးအပ်ထားခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

အသင်းတလျှောက်လုံး လုပ်လာခဲ့မှုများသည် ပြည်သူ့အကျိုးပြု လုပ်ငန်းများမဟုတ်ဘဲ စစ်
အစိုးရ၏ နိုင်ငံရေးဦးတည်ချက်များအား ထောက်ခံ၊ အကောင်အထည်ဖော်ပေးသည့် လုပ်ရပ် များသာဖြစ်ကြောင်း၊ အထင်ရှားဆုံးအချက်မှာ မကြာခင်မှာပြုလုပ်မည့် စစ်အာဏာရှင်စနစ်ကို အတည်ဖြစ်စေမည့် ဖွဲ့စည်းအုပ်ချုပ်ပုံလူထုဆန္ဒခံယူပွဲ၊ ၂၀၁၀ တွင်ပြုလုပ်မည့် ရွေးကောက်ပွဲတို့ အတွက် ကြံ့ခိုင်ရေးအဖွဲ့ကို တာဝန်ပေးပြီး ပြည်သူလူထုကို ခြိမ်းခြောက်စည်းရုံးမှုများလုပ်နေ
သည်ဟု ဦးဌေးအောင်က ပြောသည်။

ယင်းသို့ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်စေရန် ယင်းစနစ်၏ ဒေါက်တိုင်အဖြစ် နအဖက အကောင်အထည်ဖော်နေမှုများကို အများသိရှိရန် ယခုကဲ့သို့ စာအုပ်ထုတ်ဝေလိုက်ရခြင်း ဖြစ်ကြောင်း ၎င်းက ပြောသည်။

စာအုပ်အလိုရှိသူများ NDD-DRD စာတိုက်သေတ္တာအမှတ် ၁၇၉၊ မဲဆောက် စာပို့သင်္ကေတ
၆၃၁၁၀ နှင့် အီးမေးလ်လိပ်စာ ndddrd07@csloxinfo.com သို့ ဆက်သွယ်နိုင်သည်။ ။




0 ယောက်ရဲ့ အမြင်: