April 2, 2008

ဗိုလ်ချုပ်အောင်နိုင် စစ်အစိုးရနှင့်ပူးပေါင်းသည့်သတင်း


စစ်အစိုးရအပေါ် သဘောထားပြတ်သားသော အပစ်ခတ်ရပ်အဖွဲ့ဖြစ်သည့် မွန်ပြည်သစ်ပါတီ (NMSP) မှ ဆေးခွင့်ဖြင့် အနားယူနေသည့် စစ်ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်အောင်နိုင် စစ်အစိုးရ
နှင့် ပူးပေါင်းသွားသည်ဟု သတင်းများ ထွက်နေမှုအပေါ် NMSP က အတည်မပြုနိုင်သေးဟု ပြောသည်။

NMSP ပြောရေးဆိုခွင့်ရှိသူ နိုင်အောင်မငေးက လက်နက်ချလိုက်သည်ဟု ကောလာဟလများ ထွက်နေမှုအပေါ် ဗိုလ်ချုပ်အောင်နိုင်နှင့် အဆက်သွယ်မရရှိသေးသဖြင့် အတည်မပြုနိုင်ကြောင်း၊ သူသည် မွန်ပြည်သစ် လွတ်မြောက်ရေးတပ်မတော်နှင့် မွန်ပြည်သစ်ပါတီ ခေါင်းဆောင်တဦး ဖြစ်သည့်အတွက် လက်နက်ချမည်ဟု မယုံကြည်ကြောင်း ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီအတွင်းက အရှေ့တောင်တိုင်းစစ်ဌာနချုပ်၏ အစီအစဉ်ဖြင့် ရန်ကုန်သို့ ဆေးကုရန် သွားရောက်ခဲ့သော ဗိုလ်ချုပ်အောင်နိုင်သည် လက်ရှိအချိန်အထိ NMSP နှင့် အဆက်သွယ်ပြုလုပ်ခြင်း မရှိသေးပေ။

နိုင်အောင်မငေးက “ကျနော်တို့ လှမ်းပြီး စုံစမ်းတယ်။ လွန်ခဲ့တဲ့ သုံးလေးရက်လောက်က ဘားအံမြို့နယ်၊ ခယားကျေးရွာဘက်ခြမ်းမှာ သူရောက်နေတယ်လို့ မြေပြင်သတင်းကြားရ တယ်။ ကျနော်တို့သွားပြီးစုံစမ်းတော့ သူမရှိတော့ပြန်ဘူး ဖြစ်နေတယ်လေ” ဟု ပြောသည်။

ပြီးခဲ့သည့် လလယ်ပိုင်းက ဗိုလ်ချုပ်အောင်နိုင်သည် စစ်အစိုးရထံမှ လက်နက်အကူအညီအပြင် မွန်ပြည်သစ်ပါတီခေါင်းဆောင်ဟောင်းတချို့ အကူအညီဖြင့် မွန်နယ်မြေတွင် ပြန်လည်အခြေချ မည်ဟု သတင်းများလည်း ထွက်ပေါ်ခဲ့သည်။

အဆိုပါကိစ္စအပေါ် နိုင်အောင်မငေးက “ကျနော်တို့ ဗဟိုကော်မတီဝင်ဟောင်းတွေဖြစ်ကြတဲ့ နိုင်တင်အောင်ရော၊ ကိုစိုးမြင့်ကိုရော တိုက်ရိုက်ဆက်သွယ်တယ်။ သူတို့က ဒီကိစ္စမှာ လုံးဝ
ပါဝင်ပတ်သက်မှု မရှိဘူး၊ လုံးဝလက်ခံမှာမဟုတ်ဘူး။ ဒီလိုလုပ်လိုက်ခြင်းအားဖြင့် အမျိုးသား သစ္စာဖောက်တယောက် ဖြစ်နေမှာမို့လို့ ဒီကိစ္စမှာ ပါဝင်ကူညီမှုမရှိဘူးလို့ သူတို့ကပြောတယ်”
ဟု ပြောသည်။

စစ်အစိုးရသည် ၎င်းတို့အပေါ် ဆန့်ကျင်သော အဖွဲ့အစည်းမှန်သမျှကို ဖဲ့ထုတ်စည်းရုံးခြင်း
အပါအ၀င် နည်းမျိုးစုံနှင့် သတ်လျှိုဖြိုခွဲမှုများ ပြုလုပ်လေ့ရှိကြောင်း ထိုင်း-မြန်မာနယ်စပ် အခြေစိုက် ဒီမိုကရေစီနှင့် ဖွံ့ဖြိုးတိုးတက်ရေးအင်အားစု သုတေသနဌာနမှ ဦးဌေးအောင်က ပြောသည်။

၎င်းက “ဥပမာအားဖြင့် ကေအန်ယူမှာဆိုလို့ရှိရင်လည်း ဗိုလ်ချုပ်ထိန်မောင်တို့ဖြစ်ခဲ့တဲ့ သာဓ ကတွေ၊ တခြားလူတွေမှာလည်း ဖြစ်ခဲ့တဲ့သာဓကတွေ အများကြီးရှိတယ်။ မွန်ပြည်သစ်ပါတီ မှာလည်း အလားတူ သူတို့ထိုးဖောက်ပြီးတော့ သဘောထားကွဲလာအောင်၊ အချင်းချင်းကြား ထဲမှာ မညီမညွတ်ဖြစ်လာအောင်၊ လုပ်နိုင်တဲ့အလားအလာတွေ ရှိတယ်လို့ ကျနော်ထင်တယ်”
ဟု ပြောသည်။

မွန်ပြည်သစ်ပါတီသည် စစ်အစိုးရ၏ ဆန္ဒခံယူပွဲနှင့် ရွေးကောက်ပွဲလုပ်ငန်းစဉ်များကို ကန့်ကွက် သည့် တခုတည်းသော အပစ်ခတ်ရပ်အဖွဲ့ဖြစ်သည်။ ။
ခေတ်ပြိုင်


0 ယောက်ရဲ့ အမြင်: